Saturday 14 April 2012

Online သင်္ကြန် မရိုး ပြန် (သင်္ကြန်သံချပ် ဒုတိယပိုင်း) - (ရေးသားသူ - အိပ်မက်ရှင်)

Online သင်္ကြန် မရိုး ပြန် (သင်္ကြန်သံချပ် ဒုတိယပိုင်း) ကို ဆက်လက် တင်ဆက်လိုက်ပါတယ်ဗျာ။


ခွန်းထောက်


အလှထူးပါတဲ့၊ အို ဘာတဲ့...
အလှထူးပါတဲ့ လတန်ခူး အချိန်အခါ...
ပိတောက်ပွင့်ရာ ဤမြေမှာ ဟာ... ...
ဤမြေမှာ အတာကြူးကြသမို့ စိတ်ကူးနဲ့ မြူးစို့ကွဲ့ ဒီ အချိန်... အခါ.... (ကဲ... မောင်တို့ရေ)


အစဉ်အလာမပျက်တဲ့ မင်္ဂလာအခါအချက်မှာဖြင့် ဖွေသဒ္ဓါသက်ကြသမို့
ရွှေအဝါအခက်တွေနဲ့ အပြိုင် ဖူးပွင့်တဲ့ ရိုးရာသံချပ်တွေနဲ့
အွန်လိုင်းမဏ္ဍပ်မှာ ကြွလာသူ ပရိသတ်တွေ ဘဝင်အေး အဆင်ပြေးအောင်
ပက်ဖြန်းကြဲဖြန့်ကြပါစို့လား မောင်တို့ရေ....


Online သင်္ကြန် မရိုး ပြန် (သင်္ကြန်သံချပ် ဒုတိယပိုင်း)


သင်္ကြန်ချိန်ခါ ရောက်လို့လာ၊ နှစ်ဟောင်းကုန်ကာ နှစ်သစ်ကူးပွဲ။
နှစ်ဟောင်းကုန်ကာ နှစ်သစ်ကူးပွဲ၊ သင်္ကြန်ချိန်ခါ ရောက်လို့လာ။


ရိုးရာပွဲရဲ့ အဝေးမှာ၊ လှမ်းလို့မျှော်ကာ ပျော်ရရှာပေါ့။
လှမ်းလို့မျှော်ကာ ပျော်ရရှာပေါ့၊ ရိုးရာပွဲရဲ့ အဝေးမှာ။


နည်းပညာနဲ့ ခေတ်ကြီးပါ၊ “အကွာအဝေး” ဟာ မည်ကာမတ္တ။
“အကွာအဝေး” ဟာ မည်ကာမတ္တ၊ နည်းပညာနဲ့ ခေတ်ကြီးပါ။


ခေတ်သစ်နည်းနဲ့ ပျော်ကြရန်၊ Online သင်္ကြန်မဏ္ဍပ်တွေထိုး။
Online သင်္ကြန်မဏ္ဍပ်တွေထိုး၊ ခေတ်သစ်နည်းနဲ့ ပျော်ကြရန်။


ခွင့်ပြုမိန့်တွေ စောင့်စရာ မလို၊ Signin လုပ်ကာ ဆောက်လိုက်ရုံပဲ။
Signin လုပ်ကာ ဆောက်လိုက်ရုံပဲ၊ ခွင့်ပြုမိန့်တွေ စောင့်စရာ မလို။


သင်္ကြန်ပြဇာတ် “က” တတ်ရန်၊ Facebook, Twitter စပွန်ဆာတွေပေး။
Facebook, Twitter စပွန်ဆာတွေပေး၊ သင်္ကြန်ပြဇာတ် “က” တတ်ရန်။


Gmail ကြီးလည်း မနေသာ၊ ဆုတောင်းသဝဏ်လွှာ သယ်ကာပို့ပေး။
ဆုတောင်းသဝဏ်လွှာ သယ်ကာပို့ပေး၊ Gmail ကြီးလည်း မနေသာ။


တချို့တလေက သံချပ်ဆင်၊ Online ရေသဘင် ဆင်ယင်နွှဲကြ။
Online ရေသဘင် ဆင်ယင်နွှဲကြ။ တချို့တလေက သံချပ်ဆင်။


တချို့ကတော့ ဝတ္ထုကဗျာ၊ သင်္ကြန်ငွေ့တင်ကာ ဆွေးရရှာပေါ့။
သင်္ကြန်ငွေ့တင်ကာ ဆွေးရရှာပေါ့၊ တချို့ကတော့ ဝတ္ထုကဗျာ။


တချို့သူတွေရဲ့ Status မှာ၊ သင်္ကြန်ဆိုတာ ချိုနဲ့လားဟဲ့။
သင်္ကြန်ဆိုတာ ချိုနဲ့လားဟဲ့၊ တချို့သူတွေရဲ့ Status မှာ။


Alt + Tab နဲ့ သင်္ကြန်ပျော်၊ မဏ္ဍပ်ကြီးပေါ် တော်ရုံ မဆင်း။
မဏ္ဍပ်ကြီးပေါ် တော်ရုံ မဆင်း၊ Alt + Tab နဲ့ သင်္ကြန်ပျော်။


Online သင်္ကြန်မှာ ပျော်တဲ့အခါ၊ အချုပ်ခန်း ဆေးရုံ ဘေးစုံ မရှိ။
အချုပ်ခန်း ဆေးရုံ ဘေးစုံ မရှိ၊ Online သင်္ကြန်မှာ ပျော်တဲ့အခါ။


Online သင်္ကြန်ပွဲ နွှဲကြရာ၊ နန့်နန့်တိုတို ပျိုအို မဆင်ရဲ။
နန့်နန့်တိုတို ပျိုအို မဆင်ရဲ၊ Online သင်္ကြန်ပွဲ နွှဲကြရာ။


သင်္ကြန်ကာလ လှူသမျှတွေ၊ Upload တင်ကာ Share မျှဝေလို့။
Upload တင်ကာ Share မျှဝေလို့၊သင်္ကြန်ကာလ လှူသမျှတွေ။


ဆုတောင်းပို့သ မေတ္တာဝေ၊ များသူထွေထွေ ချမ်းမြေ့စေ ဖို့။
များသူထွေထွေ ချမ်းမြေ့စေ ဖို့၊ ဆုတောင်းပို့သ မေတ္တာဝေ။


Online သင်္ကြန် မရိုးပြန်၊ နှစ်စဉ်ဖန်ဖန် ကျင်းပရန်ပဲ။
နှစ်စဉ်ဖန်ဖန် ကျင်းပရန်ပဲ၊ Online သင်္ကြန် မရိုးပြန်။


ဟေ့...... စိန်လား၊ ဟေ့....... မြလား
ဟေ့...... မြလား၊ ဟေ့........ စိန်လား
ဟေ.........လာ .......မောင်...... ရို့......... ဝါးးးးးးးးးးးးးးးးးးးးးးးးးးးးးးး


(ပျော်ရွှင်ဖွယ်ကောင်းသော မြန်မာနှစ်ကူးသမယ ဖြစ်ပါစေဗျာ)


အိပ်မက်ရှင်
13/4/2012 (သင်္ကြန် အကျနေ့)

Wednesday 11 April 2012

သင်္ကြန်နဲ့ အကျိုးပေး ကောင်းပုံ (ရေးသားသူ - ရန်ကင်းသူ)


"ကဲ ဘယ်လိုလုပ်ကြမတုန်း"
ဂျူတီ ဇယားကို ကြည့်ရင်း ကျွန်မတို့ သူငယ်ချင်း နှစ်ယောက် စိတ်ကြပ်သွားသည်။ ဧပြီလ အတွက်  အကြတ်နေ့မှာ ၂၄ နာရီဂျူတီ။ ကိုပေါက်စီ အိမ်မှာ မုန့်လုပ်စားကြမှာက အကြတ်နေ့။ သူတို့က သူငယ်ချင်းအားလုံး ဂျူတီ အားမယ့်နေ့ကို စီစဉ်ထားတာ။ ထပ်တော့ ရွှေ့မရတော့... ဂျူတီလဲလို့ရပေမယ့် သင်္ကြန်အတွင်းကို ဘယ်သူမှ သဘောကောင်းပြီး ပိုဆင်းပေးမှာမဟုတ်။ အဖွဲ့ ၄ဖွဲ့ကို ၄ ရက်စီ ယူထားတာ မျှတသည်။ 

" နီးမှ ကြည့် ကကြမယ်.." ဒီလိုနဲ့ မေ့မေ့ပျောက်ပျောက် ဖြစ်တုန်း ..

ဂျူတီ ချိန်းတော့ ကိုယ့်ဂျူတီ အရှေ့က သုံးယောက်က
"ဟဲ့ နင်တို့တွေ အဆင်ပြေကြလား"
" အေး... ငါတို့ ကinjection နဲ့ drip ချိတ်စရာချိတ်ပြီးရင် တယောက်ကိုထား နှစ်ယာက် လျှောက်လည်တယ်။ အလှည့်ကျပေါ့ဟာ..."

တယ်ဟုတ်ပါလား... ကျွန်မတို့ ပျော်သွားကြသည်။ ဒီလိုအတိုင်းဆို ငါတို့လည်း မုန့်သွားစားလို့ရပြီပေါ့။ ဟုတ်တော့လည်း ဟုတ်သည်။ သင်္ကြန်ဆို ဆရာတွေက ဆေးရုံလူနာ ခါသည်။ Operation မရှိ။ တ ward လုံးမှာမှ နှစ်ယောက် လား သုံး ယောက်လား ကျန်သည်။

 မနက်ပိုင်း ပျော်ပျော်ရွှင်မြူးတူးစွာ... ၁၂ နာရီထိုးတော့ ကျွန်မတို့နဲ့ အတူတူဆင်းတဲ့ ဆေးမန်းက သူငယ်ချင်းက "နင်တို့ သွားစရာရှိသွားတော့လေ။ ဒီမှာ ဘာမှာမှ မရှိပဲ။ ငါ တစ်ယောက်ထဲနိုင်တယ်။ " 
သူက နှစ်ခွန်းမပြောလိုက်ရ.. ဟန်မဆောင်နိုင် ဝမ်းသာအားရဖြင့်...

"အဲဒါဆို ဆရာတွေလည်း မရှိတုန်း ငါတို့ခဏလစ်လိုက်ဦးမယ်။ မုန့်စားပြီးတာနဲ့ ချက်ချင်းပြန်ခဲ့မယ်..."
ဆေးမန်းကသူငယ်ချင်းကို အာဘွားတွေ  ဘာတွေပေး၊ နှစ်ကောင်သား ခြေသံလုံလုံနှင့် လစ်ထွက်လာခဲ့ကြသည်...။


သွားမယ့် ကိုပေါက်စီ  အိမ်က ပြည်လမ်းမှာဆိုတော့ ဂျပန်ဆေးရုံနဲ့ နီးနီးလေး။ ဟိုရောက်တော့ သူငယ်ချင်းတွေ အကုန်လုံးက သူ့ဂျူတီနဲ့သူ ဖြစ်နေကြတော့ တော်ရုံနဲ့ မတွေ့နိုင်။ ဒီနေ့မှတွေ့ရတာဆိုတော့ စကားတွေ ဖောင်ဖွဲ့ ဟီးဟီးဟားဟားတွေ လုပ်။ 


ဘယ်လောက်ကြာလဲတော့မသိ။ ဖုန်းမြည်လာသည်...။ " ဗုံး" ပေါက်လို့တဲ့... ဟင်...

ဆေးရုံကို သုတ်ခြေတင် ပြေးကြရပြီပေါ့။။ ကိုယ်က ဆေးရုံကိုအပြန်၊ မြို့ထဲက ပြန်လာတဲ့ ကားတွေက အတက်။ ဘယ်လိုမှကို ရွေ့မရတော့တာ...
သေပါပြီ! သေပါပြီ! ဆေးရုံမှာ ကျန်နေခဲ့သော သူငယ်ချင်းကလည်း ဖုန်း တဂွမ်ဂွမ် ခေါ်နေဆဲ...

"နင်တို့တွေ မြန်မြန်လာ... ဒီမှာ ငါရူးတော့မယ်..." 
"ဆရာအကြီးတွေ အကုန်ရောက်နေကြပြီ..."
 "ဟိုဟောက်စ်နှစ်ယောက် ဘယ်မှာလဲ မေးကုန်ကြပြီ။ ငါဘာလုပ်ရမလဲ..."

မေးလည်း မတတ်နိုင်။ ကိုယ့်မှာ ကားပင်လယ်ထဲပိတ်မိရက်သား။ ငါတို့ လာနေပါပြီ ပြောရုံကလွဲလို့ ဘာမှ မလုပ်နိုင်။ စူပါမင်းလိုလည်း မပျံတတ်။ 

ဆေးရုံပြန်ရောက်တော့ ၃ နာရီခွဲ။ ဆရာတွေရဲ့ မျက်နှာက ပြုံးနေတာပဲ။ ဘယ်ဟုတ်ပါ့မလဲ။ ဆူတာပေါ့။ နှစ်ယောက်သား မျက်နှာငယ်လေးများဖြင့် တနာရီနီးပါးလောက် မတ်တပ်ရပ် ကြိမ်းမောင်းခံလိုက်ရတယ်။ ခံလည်း ခံသင့်ပါတယ်။  လူနာတွေ ဆေးရုံကြီးမသွားပဲ ကျွန်မတို့ဆီလာလိုက်ရင် လူအင်အားမရှိလို့ မသေသင့်ပဲ သေကုန်ကြမှာပါ။ လစ်တုန်းကတော့ အဲဒါတွေ မတွေးမိခဲ့ဘူး။ လူတိုင်းပျော်ရွှင်နေမယ့် အချိန်မှာ ဗုံးဖောက်လိမ့်မယ်လို့လည်း မထင်မိခဲ့ဘူး။ Disaster ဆိုတာက ခန့်မှန်းလို့မရပေမယ့် အဆင်သင့်ရှိဖို့လိုတာ သဘောပေါက်သွားတယ်။


ဟောလ် ကို ဗုံးပေါက်တဲ့ လူနာတွေအတွက် ကုတင်တွေရွှေ့... လူနာတွေရွှေ့... ရိုးရိုးလူနာတွေကို ပိုက်ဆံခန်းထဲသွင်း၊ အဲယားကွန်းနဲ့ ဇိမ်ကျကြ။ ကံကောင်းချင်တော့ ဗုံးပေါက်လူနာအားလုံး ဆေးရုံကြီးကို သွားရပါတယ်။ ကျွန်မတို့ဆီကိုကျတော့ လူနာလာပို့တဲ့ ရဲကား ဆေးရုံကြီးရှေ့မှာတင် ထပ်မှောက်လို့ ရောက်လာတာလောက်ပါပဲ။ ဟိုဘက်ဆေးရုံကြီး အရေးပေါ်က သူငယ်ချင်းတွေတော့ တခြား ward က လူတွေပါ ဆင်းကူရအောင် လူနာများပါတယ်။ သတင်းမှာတော့ သူငယ်ချင်းတော်တော်များများရဲ့ ပုံတွေ ပါပါတယ်။ Drip ပုလင်းကြီး ကိုင်ပြီး ဟိုပြေးဒီပြေး။


အနှစ်ချုပ်ကတော့  နှစ်သစ်ကူးမှာ အကျိုးပေးကောင်းစွာနဲ့ ဂျူတီ တစ်ခါမှ မလစ်ဘူးတဲ့ ကျွန်မတို့ နာမည်ဆိုးကြီးနဲ့ ကျော်ကြားသွားပါတော့တယ်။  :)


ရန်ကင်းသူ

Sunday 8 April 2012

Online သင်္ကြန် မရိုး ပြန် (ရေးသားသူ - အိပ်မက်ရှင်)

စကားဦး

သင်္ကြန်အချိန်အခါက ပြန်လည်လို့ ကျရောက်ခဲ့ပါပြီ၊ နှစ်ဟောင်းတွေ ကုန်ဆုံးလို့ နှစ်သစ်ကို ကူးတဲ့ သမယမှာ မိတ်ဆွေတွေ အားလုံး စိတ်သစ်၊ လူသစ်နဲ့ ရွှင်လန်း ချမ်းမြေ့ပါစေရယ်လို့ ဦးစွာ ဆန္ဒပြု၊ ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်၊ ကျွန်တော် မနှစ်က ရေးဖြစ်ခဲ့တဲ့ ဒီသံချပ်လေးကို ပြန်ဖတ်ကြည့်မိတော့ မနှစ်က ပျော်ပျော်ပါးပါး ဆင်ယင်နွှဲခဲ့ကြတဲ့ အွန်လိုင်းသင်္ကြန်ကို ပြန်အမှတ်ရမိတယ်၊ နှစ်သစ်ကူး ပြောင်းတဲ့အခါ နှစ်ဟောင်းက အဟောင်းတွေကို နှစ်သစ်ကို သယ်ဆောင်မလာရဘူးဆိုတာ မှန်ပေမဲ့ ဒီသံချပ်လေးကတော့ ရိုးမသွားဘူးလို့ ကျွန်တော့် စိတ်ထဲ ခံစားမိတာမို့ အခုလို ပြန်လည် ဆန်းသစ်ပြီး၊ ဖုံခါ ဆေးသုတ်လိုက်ပါတယ်၊ ဒါပေမဲ့ မနှစ်က သံချပ်ကို တင်တဲ့အခါ ခွန်းထောက်ပါမသွားတဲ့ အတွက် ဒီနှစ်မှာ ပြန်တင်တဲ့အခါ ခွန်းထောက်လေး ဖြည့်စွက်ပြီး ပိုမို အသက်ဝင်သွားအောင် ဖန်တီးလိုက်ပါတယ်။ မိတ်ဆွေများ အားလုံး ပျော်ရွှင်စွာနဲ့ နှစ်ကူး အမြူးနဲ့ အထူး စိတ်တိုင်းကျပြီး ကျေနပ်စိတ်ကူး အတာရေနဲ့ ထူးနိုင်ကြမယ်လို့ မျှော်လင့်ရင်း အွန်လိုင်းသင်္ကြန် မရိုးပြန် အစီအစဉ်လေးကို တင်ဆက်လိုက်ပါတယ် ခင်ဗျာ။


ခွန်းထောက်

အလှထူးပါတဲ့၊ အို ဘာတဲ့...
အလှထူးပါတဲ့ လတန်ခူး အချိန်အခါ...
ပိတောက်ပွင့်ရာ ဤမြေ... မဟာ... ...
ဤမြေမှာ အတာကြူးကြသမို့
စိတ်အကူးတွေနဲ့ မြူးစို့ကွဲ့ ဒီ အချိန်... အခါ....
(ကဲ... မောင်တို့ရေ)
အစဉ်အလာမပျက်တဲ့ မင်္ဂလာအခါအချက်မှာဖြင့်
ဖွေသဒ္ဓါသက်ကြသမို့ ရွှေအဝါ အခက်တွေနဲ့  အပြိုင်
ဖူးပွင့်တဲ့ ရိုးရာသံချပ်တွေနဲ့ အွန်လိုင်းမဏ္ဍပ်မှာ
ကြွလာသူ ပရိသတ်တွေ ဘဝင်အေး အဆင်ပြေးအောင်
ပက်ဖြန်းသွန်းလောင်းလိုက်ကြပါစို့လား မောင်တို့ရေ....

Online သင်္ကြန် မရိုး ပြန် (သင်္ကြန်သံချပ်)

သင်္ကြန်ချိန်ပြန် ရောက်လာပြီ၊ ၁၃၇၄ ပဲ
၁၃၇၄ ပဲ၊ သင်္ကြန်ချိန်ပြန် ရောက်လာပြီ။

အတာကြူးတဲ့ သင်္ကြန်ခါ၊ ဝေးရောက်နေတာ ခက်လှတာပဲ
ဝေးရောက်နေတာ ခက်လှတာပဲ၊ အတာကြူးတဲ့ သင်္ကြန်ခါ။

ပန်းပိတောက်တို့ ဝေဝေစီ၊ အလုအယက်သာ ခူးကာ Tag ကြ
အလုအယက်သာ ခူးကာ Tag ကြ၊ ပန်းပိတောက်တို့ ဝေဝေစီ။

အွန်လိုင်းပေါ်က အပျိုတွေ၊ Facebook တက်ကာ ရေပက်နေကြ
Facebook တက်ကာ ရေပက်နေကြ၊ အွန်လိုင်းပေါ်က အပျိုတွေ။

Online ပေါ်က ကိုကိုတွေ၊ ပုလင်းစုံ Tag ကာ မြင်ရုံ မူးရ
ပုလင်းစုံ Tag ကာ မြင်ရုံ မူးရ၊ Online ပေါ်က ကိုကိုတွေ။

သပြေခက်နဲ့ ရေမပက်ပါ၊ Mouse Click နဲ့သာ လောင်းကာရွှဲရ
Mouse Click နဲ့သာ လောင်းကာရွှဲရ၊ သပြေခက်နဲ့ ရေမပက်ပါ။

စတုဒီသာတွေ ကျွေးကြတယ်၊ အငွေ့အသက်နဲ့တောင် မြင်ကာ မစားရ
အငွေ့အသက်နဲ့တောင် မြင်ကာ မစားရ၊ စတုဒီသာတွေ ကျွေးကြတယ်။

gtalk ဆိုတဲ့ မဏ္ဍပ်မှာ၊ ဗွမ်းဗွမ်းရှိသာ Type ကာ ပက်ကြ၊
ဗွမ်းဗွမ်းရှိသာ Type ကာ ပက်ကြ၊ gtalk ဆိုတဲ့ မဏ္ဍပ်မှာ။

youtube ဆိုတာ အလှပြယာဉ်လား၊ တီးမှုတ်ကခုန် ဖျော်ဖြေနေ
တီးမှုတ်ကခုန် ဖျော်ဖြေနေ၊ youtube ဆိုတာ အလှပြယာဉ်လား။

သူတင်ကိုယ်တင် ပက်ကြတာ၊ Facebook ကြီးတောင် နေထုတ်လှန်းရ
Facebook ကြီးတောင် နေထုတ်လှန်းရ၊ သူတင်ကိုယ်တင် ပက်ကြတာ။

CCTV မတပ်ရပါ၊ ဒို့တွေ ပျော်တာ Online မဏ္ဍပ်
ဒို့တွေ ပျော်တာ Online မဏ္ဍပ်၊ CCTV မတပ်ရပါ။

တချို့တလေက Link ပို့ကာ၊ ရေခဲထုပ်တောင် ထုလိုက်သေးရဲ့
ရေခဲထုပ်တောင် ထုလိုက်သေးရဲ့၊ တချို့တလေက Link ပို့ကာ။

မဏ္ဍပ်ကြေးလည်း မကုန်ပါ၊ PC ဖွင့်ကာ ကြဲကြတာပဲ
PC ဖွင့်ကာ ကြဲကြတာပဲ၊ မဏ္ဍပ်ကြေးလည်း မကုန်ပါ။

ရန်ဖြစ်မှာလည်း မကြောက်ရပါ၊ Block လုပ်ကာ ပိတ်လျှင် ရသား
Block လုပ်ကာ ပိတ်လျှင် ရသား၊ ရန်ဖြစ်မှာလည်း မကြောက်ရပါ။

မီးသတ်ပိုက်တွေ ကြောက်စရာမလို၊ အလုပ်ရှင်လာ ပိတ် ရတာပဲ
အလုပ်ရှင်လာ ပိတ် ရတာပဲ၊ မီးသတ်ပိုက်တွေ ကြောက်စရာမလို။

အိုးမည်သုတ်ဖို့ လိုက်တဲ့အခါ၊ Signout လုပ်ကာ ပြေးကြတာပဲ
Signout လုပ်ကာ ပြေးကြတာပဲ၊ အိုးမည်းသုတ်ဖို့ လိုက်တဲ့အခါ။

 ကြံဖန်ပြီးတော့ ပျော်စရာရှာ၊ Online သင်္ကြန်မှာ ဆင်ကာနွှဲကြ
Online သင်္ကြန်မှာ ဆင်ကာနွှဲကြ၊ ကြံဖန်ပြီးတော့ ပျော်စရာရှာ။

ဟေ့..... မောင်လား၊ ဟေ့....... မယ်လား
ဟေ့ ... မယ်လား၊ ဟေ့........ မောင်လား
ဟေ.....လာ......မောင်....... ရို့ ဝါးးးးးးးးးးးးးးးးးးးးးးးးး

(ပျော်ရွှင်ကြည်နူးဖွယ်ကောင်းသော မြန်မာနှစ်ကူးသမယ ဖြစ်ပါစေဗျာ)


အိပ်မက်ရှင်
(08-04-2012)

Friday 6 April 2012

၂၀၁၂ ရွှေပြည်ဝေး သင်္ကြန်

နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ရွှေပြည်ဝေးတို့ရဲ့ သင်္ကြန်အချိန်အခါကို ကျရောက်လာပြန်ပါပြီ…။
ဒီနှစ်အတွက်တော့ ရွှေပြည်ဝေးသင်္ကြန် မဏ္ဍပ်ကို နေရာ အတည်တကျနဲ့ ဒီနေရာမှာ ဖွင့်လိုက်ပါတယ်…။ ဒီအွန်လိုင်းသင်္ကြန်မဏ္ဍပ်လေးမှာ သီချင်း သံချပ် စတဲ့ သင်္ကြန်ရာသီစာလေးတွေနဲ့အတူ သင်္ကြန်နဲ့ ပတ်သက်တဲ့ အငွေ့အသက်လေးတွေကို အတတ်နိုင်ဆုံး ဖြည့်စွက်ထားပါတယ်။

ပြီးတော့ ဒီနှစ်သင်္ကြန်မှာလည်း အရင်နှစ်တွေကလိုပဲ ရွှေပြည်ဝေးမှာ ပျော်ပျော်ပါးပါး သံချပ်ထိုးကြဖို့ စီစဉ်ထားပါတယ်… ဒါကြောင့် ဝါသနာပါတဲ့ ညီအကို မောင်နှမတတွေ တတ်နိုင်သမျှ ရေးဖွဲ့ပြီး ဒီမဏ္ဍပ်လေးမှာ သံချပ်လာထိုးကြပါ… လို့ ဖိတ်ခေါ်ပါတယ်။

နောက်ပြီး သင်္ကြန်ရက်တွေမှာ အိမ်မှာ အထူးတလည် လုပ်စားဖြစ်တဲ့ သင်္ကြန်မုန့်တွေ၊ သင်္ကြန်နဲ့ ပတ်သက်တဲ့ ဓါတ်ပုံ ပန်းချီတွေ၊ ကဗျာစု စာစု... စတာတွေကိုလည်း shwepyiway@gmail.com ကို ပို့ပေးနိုင်ပါတယ်။ အဲဒါတွေကိုလည်း မဏ္ဍပ်မှာ နေ့တိုင်း အချိန်နဲ့ တပြေးညီ Update လုပ်ပေးပါ့မယ်။

ဒီသင်္ကြန်မဏ္ဍပ်လေးဖြစ်လာဖို့ စတင်အကြံပြုခဲ့တဲ့ Former မဏ္ဍပ်ပိုင်ရှင် - ကိုဘလူးစကိုင်း BlueSky Forest နဲ့တကွ စာစု ကဗျာ ကာတွန်း စတဲ့ ပိုစ့်တွေကို အသုံးပြုခွင့်ပေးတဲ့ ဘော်ဒါတွေကို ကျေးဇူးတင်ပါတယ်။ မတ်လဆန်းထဲကစပြီး အလုပ်များနေလို့ စိတ်ရော လူရော မအားတဲ့ကြားက ဒီမဏ္ဍပ်လေး အချိန်မီဖြစ်လာအောင် တော်တော်လေး အချိန်လုပြီး ကြိုးစားလိုက်ရပါတယ်။ ဒါကြောင့် ဒီမဏ္ဍပ်လေးနဲ့ ပတ်သက်လို့ လိုအပ်တာတွေရှိခဲ့ရင် ထောက်ပြ ပြောဆို ဝေဖန် အကြံပြုပေးသွားဖို့လည်း ခင်မင်ရင်းနှီးစွာ ဖိတ်ခေါ်လိုက်ပါတယ်..။

See you all…


Wednesday 4 April 2012

သင်္ကြန်အကြို ရာသီစာလေး (ရေးသားသူ - ကိုဘွိုင်းဇ်)

ဘလော့ဂ်ဂါ မင်းသားကြီး

V1 -(ဘလော့ဂါ မင်းသားကြီး ဘလော့ဂ်ဆိုဒ်တစ်ကာ ရောက်ခဲ့ပြီ...။
ဘယ်ဘလော့ဂ်သူ၊ ဘယ်ဆိုဒ်မှန်းမို့ မသိတော့ ခက်သေးသည်။
မနေ့က ပေးတဲ့ ဘလော့လိပ်စာ Thumb Drive စိုလို့ ပျက်ကုန်ပြီ...
မမှတ်မိတော့ ခက်သားလှဒေ၀ီ...။)၂

PreCho : ဘလော့မင်းသမီးကြီး ခြေရာဖျောက်တော့ လိုက်လို့ရှာသည်။
ဟို CBox တွေ့နိုးနိုး.. ဒီ CBox တွေ့နိုးနိုး...
မင်းသားကြီး အလွမ်းဇာတ်က နှစ်သစ်ကူးလေပြီ။
ဘလော့ဂ်မင်းသမီးနဲ့ တွေ့ဖို့ အလွန်ခက်သည်။

V1 - (Solo)
Cho : နေ့သစ်အကူးမှာ ပို့စ်အသစ်လေးတွေ တက်တော့မည်။
Gmail, Native, ပဒုမ္မာ၊ ကျူးပစ်၊ ပလန်းနက်ပါ မကျန်ပြီ...။
ကောမန့်ဘောက်က်မှာ လိုက်ရှာလဲလေ တို့မတွေ့ပြီ။
ဘန်းကျော်ကြောင့်လား တွေးတော့ ဝေးနေပြီ။
မြန်မာဆိုက်ဘာ ယူဆာ လေးနှမငယ် ...
တစ်ချက်စာ Chat မှာ မျက်လှည့်ပြလိုက်ပြီ...။

V1. PreCho:

(မပြီးမချင်း loop ပတ်၍ ပြန်ဆိုရန်။)


- မည်သူ့ကိုမျှ မရည်ရွယ်ပါ။ တိုက်ဆိုင်မှု ရှိက ခွင့်လွှတ်ပါ။
- ရှာပုံတော် မင်းသားကြီး သင်္ကြန်သီချင်းကို မှီငြမ်း ပုံဖျက်ထားသည်။
- မူရင်း သီချင်း နားဆင်လိုသော် အောက်ကပုံကို ကလစ်နှိပ်ပါလေ...။


ရှာပုံတော် မင်းသားကြီး - ဇော်ပိုင်

ကိုယ့်ဗားရှင်းနဲ့ကိုယ် ပြန်တင်ထားတာကို ဒီနှစ် 2012 အတာနှစ်ကူး အကြိုအနေနဲ့ ဆားချက်လိုက်ပါတယ်။

Tuesday 3 April 2012

အွန်လိုင်း အတာအိုး (ရေးသားသူ - တီတီဆွိ)

သင်္ကြန်ကျတော့မယ်ဆိုတော့ ငယ်ငယ်က အတာအိုးထိုးဘို့ ခြုံတိုးပြီး အတာပန်းတွေ၊ အရွက်တွေ ခူးတာ သတိရတယ်။ မဆွိတီတို့ငယ်ငယ်က အိမ်အနားမှာ တောစပ်လေးရှိနေတော့ အဲဒီမှာ တောပန်းတောင်ပန်းတွေ၊ သစ်ပင်တွေအလွန်ပေါတာကလား။ ဈေးကလဲအတော်ဝေးတော့ အတာအိုးအတွက် အပင်ပန်းခံသွားဝယ်မနေတော့ပဲ တောထဲပဲလိုက် ခူးကြတာပဲ။

သင်္ကြန်အကြိုနေ့ရောက်တာနဲ့ အဖွားက အိမ်ရှေ့မှာ ခုံလေးခင်းပြီး အတာအိုးလေးတပြင်ပြင်နဲ့ဖြစ်နေပြီ။ သကြားမင်းကိုကြိုဘို့တဲ့။ အဲသာဆို မဆွိတီတို့ သူငယ်ချင်းတွေ မြွေမကြောက်၊ဘာမကြောက်နဲ့ တောတိုးပြီး အဖွားမှာတဲ့ အရွက်တွေအပြင် တောထဲက လှတယ်လို့ထင်တဲ့ ပန်းတွေ တပွေ့တပိုက်နဲ့ ခူးပြီး ပြန်လာတာပျော်စရာ။











အဲဒီတုံးက မာလကာရွက်၊ ဇီးရွက်၊ အုန်းရွက်၊ ကန့်ကော်ရွက်၊သပြေရွက်၊ မြေဇာရွက် အစရှိသဖြင့် အဖွားမှာတာခူးရတာ။ ရေတမာရွက်လဲပါတယ်ထင်တာပဲ။ သင်္ကြန်ချိန်မှာပွင့်တဲ့ ပိတောက်ပန်းတို့ဘာတို့လဲ အတာအိုးလေး ဝေစည်အောင် ထည့်ရသေးတယ်။ ပထမတော့ ဒီအရွက်တွေနဲ့ အတာအိုးထိုးတာ အဓိပ္ပါယ်ကို မသိဘူးရယ်။ အဘွားခူးခိုင်းတာ ခူးလိုက်တာပဲ။ နောက်မှ အဖွားက ၇ရက်သားသမီးများ ကျန်းမာချမ်းသာဘို့ရည်ရွယ်ပြီး နေ့နံ ၇ရက်ပြည့်အောင် အရွက်ကလေးတွေအစုံ ထည့်ရတယ်ဆိုတာ ပြောပြတယ်။ ဥပမာ တနင်္ဂနွေဆို အ-ဥ -အုန်းရွက်၊သြဇာရွက် ၊ တနင်္လာအတွက်ဆို ... က -ခ-ဂ-ဃ-င ထဲက ကန့်ကော်ပန်း၊ခရေ ... အင်္ဂင်္ါဆို ဇီးရွက်၊ ဗုဒ္ဓဟူးဆို ရွက်လှ၊ရေတမာ၊ ကြာသပတေးဆို မြေဇာ၊မာလကာရွက်၊ သောကြာဆိုသပြေပန်း၊ စနေဆို တမာရွက်၊ ဒန်းပန်း၊ အစရှိသဖြင့်ပေါ့။

ထူးဆန်းတာက အတာအိုးကို အဲလိုအရွက်တွေပဲ နေ့နံသင့်အောင် ထည့်တာများတယ်။ အိမ်မှာ နှင်းဆီပန်းတွေစိုက်လို့ နှင်းဆီလှိုင်လှိုင်ပေါပေမယ့် စနေအတွက်ဆို နှင်းဆီပန်းဘယ်တော့မှ မထည့်ပဲ တမာရွက်ပဲထည့်တာ ရှေးကအယူမှို့ စွဲနေသလား စဉ်းစားရတယ်။

နောက်ပြီးမှတ်မိတာ သင်္ကြန်ချိန်ခါဆို တောထဲမှာ ပန်းလေးတွေ ရောင်စုံလှိုင်လှိုင်ပွင့််ကြတယ်။ အဲဒီပန်းတွေကိုလည်း နာမည်မသိတော့ သင်္ကြန်ပန်းခေါ်ကြတာ။ ပန်းမသိ သင်္ကြန်ပန်းပဲဆိုတောင် ပြောစမှတ်ပြုကြတယ်။ နောက်မှ ကိုယ်ခေါ်တဲ့ ခရမ်းရောင် သင်္ကြန်ပန်းကို ပျဉ်းမပန်းတဲ့။ သင်္ကြန်နားနီးလို့ ငယ်မူပြန်ပြီး အမှတ်တရ အတာပန်းတွေ လိုက်ခူးချင်ပေမဲ့ စလုံးမြို့ကြီးမှာတော့ဖြင့် ဒဏ်ရိုက်မှာကြောက်လို့ မခူးရဲပေါင်…။

အွန်လိုင်းက ဂူဂဲတောထဲမှာပဲ လိုက်ရှာခူးတော့မယ်။

Saturday 31 March 2012

၂၀၁၁ ရွှေပြည်ဝေး ရေကစားမဏ္ဍပ် သံချပ်များ

(အဖွင့်တီးလုံး)

(တုန် ချမ်း ချန်း...တုံ ခြမ်း ခြန်း...တုန်လို့ တုန်လို့ ချမ်း
တုံ ချန်း ခြမ်း...တုန် ခြန်း ချမ်း...တုန်ကာ တုန်ကာ ချမ်း...)

မြူး...မြူး...မြူး... နွေလေပွေက မြူး

လူး...လူး...လူး... ပိတောက်တွေ ရွှေရည်လူး

ဦး...ဦး...ဦး... နှစ်သစ် ရာသီဦး

ပူး...ပူး...ပူး... သင်္ကြန်နတ် ၀င်ကာပူး

ထူး...ထူး...ထူး... ဘလော်ဂါတွေရဲ့ အထူး

မြူးမြူး ကြွားကြွား ဖြစ်နေတယ် ဘာဖြစ်လို့လဲကွယ်

မြူးကြွ မြူးကြွ ဖြစ်နေတယ် ဘာဖြစ်တာလဲဟယ်

တနှစ်မှတခါ ဆုံလို့လာ
ရွှေပြည်ဝေးမှာ ရေကစားကာ
သံချပ်တွေလည်း ဟဲကြတာ
ဘလော်ဂါ အဖေါ်သဟာ စုံသကွာ
မြူးလို့...ပျော်လို့ဗျာ ။ (ကိုင်း.. စကြစို့)

( ဒို့လူလေးများ ဆိုသလေး ... ဝေးလေးလေး ဝေးလေးလေး

ဒို့လူလေးများ ဆိုသလေး ... ဝေးလေးလေး ဝေးလေးလေး )

သိသိ မသိသိ လာကြပါ... ရွှေပြည်ဝေးမှာ ရေကစားကြစို့

စားစရာ သောက်စရာ စုံပါတယ်... ငြုပ်သီးစိမ်းလည်း တွေ့လိုက်တယ်ခင်ဗျ

မုန့်လုံးရေပေါ် သတိထားနော်... ဘီယာအေးလေး ကြိုတင်ဆောင်ထား

သင်္ကြန်ပွဲကြီး နွှဲကြမယ်... ကမ္ဘာကြီးမှာ ဘာတွေဖြစ်ဖြစ်

နွှဲကြမယ်ဟေ့ ဟဲကြမယ်...ဘယ်နေရာမှာ ဘာတွေဖြစ်ဖြစ်

ရိုးရာလေးမို့ မဖျက်နိုင်ပါ...ပိတောက်တွေပွင့်တုန်း ပျော်ရတာပ
အော်ဖို့ ဟစ်ဖို့ လူစုပါ....ရွှေပြည်ဝေးမှာ သံချပ်ထိုးစို့ ။

(ဇာနည်ဝင်း)

သင်္ကြန် ယဉ်ကျေးမှု ထိန်းသိမ်းပါ - - (သတင်းစာမှာ အော်ချက်ထုတ်ရ။)၂
သင်္ကြန် ယဉ်ကျေးမှု ထိန်းကြပါ - - (သတင်းစာထဲမှာ အော်ချက်ထုတ်ရ)၂

သတင်းစာမဖတ်တဲ့ လူငယ်တွေ - - (ဂြိုလ်သား စတိုင် ၀တ်ကြ ဆင်ကြ)၂
အမိန့် မနာခံတဲ့ ဂေါ်လီတွေ - - (မပေါ့တပေါ် ၀တ်ကာ ကကြ ခုန်ကြ)၂

သရုပ်ပျက်ပေမဲ့ မဖမ်းပါခင်ဗျာ - - (နိုင်ငံရေး မလုပ်ရင် ပြီးရော ပြီးရော)၂
တနှစ်မှ တခါသာ ပျော်ရတာ - - (စိတ်လွတ် လက်လွတ် ပျော်ကြ ပျော်ကြ)၂

ယဉ်ကျေးမှုအတွက် မပူနဲ့ကွာ - - (ခေါင်းဆောင်ကြီးတွေ ရှိနေတာပဲ)၂
မြန်မာ့ရိုးရာ ထိန်းဖို့ရာ - - (ခေါင်းဆောင်ကြီးတို့ တာဝန် ထားလိုက်)၂

ဘောင်းဘီချွတ်တဲ့ ခေါင်းဆောင်တွေ - - (ရင်ဖုံးအင်္ကျီ ချိတ်ထမီနဲ့)၂
ယဉ်ကျေးမှုအတွက် စိတ်အေးရပြီ - - ( သင်္ကြန်မှာ ကြိုက်သလို လန်းပေါ့ ပျော်ပေါ့ )၂

ပြဿနာတခုတော့ ကျန်နေသည် - - (ဘာပြဿနာလဲ ဘာပြဿနာလဲ)၂
ပြဿနာတော့ တက်ပါပြီ - - (ဘာပြဿနာလဲ ဘာပြဿနာလဲ)၂

ဝိုင်းစုခိုင်သိန်း အခက်တွေ့ပြီ - - (ဘာဖြစ်လို့လဲ၊ နေမကောင်းလို့လား)၂
ဝတ်စရာ ထဘီ မရှိတော့ပါ - - (ခေါင်းဆောင်ကြီးတွေ ၀တ်ထားတာကိုး)၂

ဘောင်းဘီရှည်လည်း မရှိတော့ပြီ - - ( ဘောင်းဘီရှည်ဟာ စစ်တပ်အတွက်ကွဲ့ )၂
ဒါဆို ဘာမှ မရှိတော့ပြီ - - (ဘောင်းဘီတိုသာ အကောင်းဆုံးပါပဲ၊ ဘာမှ မ၀တ်ရင်
ပိုတောင် ကောင်းသေး)၂

ဟေ့ လေလား... ဟေ့ မိုးလား....မိုးလား လေလား လေလား မိုးလား
လေလား မိုးလား မိုးလား လေလား....ဟေး လာ မောင် တို့ ၀ါး - - - - ။

( အမည်မဖော်လိုသူ ရုပ်ပျက်နေသော စီကေအေ )

ဟေ့ ညိုမြတို့...ဟေ့ နွေမတို့ ... လာကြဟေ့ လာကြ....
ရွှေပြည်ဝေးမှာ သံချပ်သွားထိုးကြရအောင်.....

တုံချမ်း တုံချမ်း တုံချမ်းချမ်းဗျ.....ချမ်းတုံ ချမ်းတုံ ချမ်းတုံတုံပဲ....

သင်္ကြန်ချိန်ခါ ရောက်လို့လာ....အိမ်ရှိလူကုန် လမ်းပေါ်ထွက်ကြ....
လောင်းကြ ပက်ကြ မြူးတူးပျော်....ရွှေပြည်ဝေးက မောင်တို့ မယ်တို့...

ပြိတ္တာပေါတဲ့ တို့ပြည်မှာ....ဒီနှစ်ပိတ်တာ သံချပ်ဆိုပဲ
နောင်နှစ်ဆိုရင် ရေပိတ်မှာ....ရေမပါဘဲ ပက်ကြတာပေါ့...
(ကောင်းရော....ရေခြွေတာရာ ရောက်တာပေါ့ဗျာ....:)

ရေမီးစုံလင် တွေ့ချင်ရင်.....နေပြည်တော်ကို သွားကြည့်ကြစို့....
(အိုးးးး လင်းလို့ ထိန်လို့ပါလားဗျာ....)

တိရိစ္ဆာန်စုံလင် မြင်ဖူးချင်....နေပြည်တော်ကို သွားကြည့်ကြစို့....
(ဟမ်....ဆာဖာရီ တိရိစ္ဆာန် ဥယျာဉ် ရှိတယ်လေဗျာ...)

နှစ်ယောက် တထည် ဝယ်ဝတ်မယ်....မိန်းမလည်း ဒါ ကိုယ်လည်း ဒါဝတ်....
မိန်းမ ချိတ်ဆင် ခါးပေါ်တင်....စည်းဝေးပွဲဝင် ဖက်ရှင်ဆိုပဲ....

ကားတန်းရှည်ကြီး လမ်းပေါ်မှာ....အိပ်လိုက် စားလိုက် အေးဆေး အေးဆေး
ဓါတ်ဆီဈေးတွေ မိုးထိနေ....ဒါလေးများဗျာ အံ့ရော အံ့ရော...

လမ်းတံတားတွေ တိုးတက်နေ....တခြမ်းထဲခင်းတာ အမြင်ဆန်းဖို့...
မီးရော ရေရော မှန်ရအောင်....မဲလေးတပြားသာ ထည့်ကြ ထည့်ကြ...

သရုပ်ပျက်ဝတ်တဲ့ သင်္ကြန်ကားတွေ....သက်ဆိုင်ရာက ဖမ်းမယ်ဆိုပဲ
အရက်ပုန်းရောင်းတဲ့ ဆိုင်လေးတွေ....သက်ဆိုင်ရာက ဖမ်းလား ဆီးလား
အတိုအနန့်ဝတ် ညီမလေးတွေ....သက်ဆိုင်ရာက ဖမ်းလား ဆီးလား...
(အံမာ ညီမလေးတွေ ဖမ်းရအောင် ပါမစ်ရှိလား ပြ ပြ...)

ဟုတ်လည်း မဟုတ်ဘဲနဲ့....ဟုတ်လည်း မဟုတ်ဘဲနဲ့......
ဟုတ်လည်း မဟုတ်ဘဲနဲ့...ဟုတ်လည်း မဟုတ်ဘဲနဲ့ .....
(ကိုလွှမ်းမိုး သီချင်း သတိရလို့ပါဗျာ....)

သင်္ကြန်ချိန်ခါ ရောက်လို့လာ....အိမ်ရှိလူကုန် လမ်းပေါ်ထွက်ကြ....
လောင်းကြ ပက်ကြ မြူးတူးပျော်....ရွှေပြည်ဝေးက မောင်တို့ မယ်တို့...

ရွှေပြည်ဝေးက မောင်တို့ရေ.... ဝေလေလေ ဝေလေလေ
ရွှေပြည်ဝေးက မယ်တို့ရေ.... ဝေလေလေ ဝေလေလေ
ချမ်းသလားဟေ့ မောင်တို့ရေ... တုန်တယ်ဟေ့ တုန်တယ်ဟေ့
တုန်သလားဟေ့ မယ်တို့ရေ ... ချမ်းတယ်ဟေ့ ချမ်းတယ်ဟေ့
ဟေ့ ညိုမြရေ... ဟေ့ နွေမလား....ဟေ့ နွေမရေ.... ဟေ့ ညိုမြလား
ဟေလာ မောင်တို့ဝါးးးးး

(ကေ)

ရွှေပြည်ဝေးမဏ္ဍပ် စည်တယ် ဆို...( ခြောက်ကပ်ကပ်..) ၂

ဘလော့လေး နဲ့.. ခုတ်တာလောက်တော့..( ရီတာပေါ့..) ၂

အပျိုပိန်ပိန် ... ရေစိမ်လည်းပဲ...(အီကြာကွေး) ၂

မဏ္ဍပ်ပိုင်ရှင်ကြီး..ဘီယာစိမ်လည်းပဲ ( အီကြာကွေး ) ၂

နေပြည်တော် သင်္ကြန်ကို မှီချင်ရင်..( ဆယ်နှစ်ဆယ်မိုး..ကြိုးစားလိုက်အုံး ) ၂

မဏ္ဍပ်ထောင်စား ..မကိုက် ငှါး..မယား ရိုက်လတ္တံ့

ကြိုးစားပမ်းစား..ဖေ့စ်ဘွတ်ခ် သွား...တွေ့တဲ့သူ တွေ.. ခေါ်ခဲ့.. ခေါ်ခဲ့

ဟေး လား မောင် တို့...( ၀ါး...)


(သက်ဝေ)

သင်္ကြန်ချိန်ခါ ရောက်လို့လာ… ရွှေပြည်ဝေးမှာ ဆုံကြ ပျော်ကြ…
သင်္ကြန်ချိန်ခါ ရောက်လို့လာ… ရွှေပြည်ဝေးမှာ တူတူပျော်စို့…

ရွှေပြည်ဝေးရဲ့ စေတနာ… ရွှေပွဲလာတွေ ပျော်ဖို့ ရွှင်ဖို့…
ရွှေပြည်ဝေးက မေတ္တာဝေ… မိတ်သဟာတွေ ချမ်းသာစေကြောင်း…

ရွှေပြည်ဝေးရဲ့ စေတနာ… ဘယာကြော်နဲ့ ဘီယာ အမြည်း…
ရွှေပြည်ဝေးရဲ့ မေတ္တာတွေ… ကောင်မလေးဆို ရှေ့ကို တိုးကြ…

ရွှေပြည်ဝေးက အကိုတွေ… သက်မွန်မြင့်ကို ရအောင်ဖိတ်ခဲ့…
ရွှေပြည်ဝေးက အကိုတွေ… ဝိုင်းစုလေးကို ရအောင်ဖိတ်ခဲ့…

မြန်မာတို့ရဲ့သင်္ကြန်အခါ… ရေစင်လောင်းတာ ရိုးရာဓလေ့…
သင်္ကြန်ချိန်ခါ ပျော်စရာ… အတာရေလောင်းကာ ဆုမွန်တောင်းကြ…

မြန်မာတို့ရဲ့သင်္ကြန်မှာ… သံချပ်ထိုးတာ ရိုးရာဓလေ့…
သင်္ကြန်ချိန်ခါ ပျော်စရာ… ပြောစရာရှိတာ သံချပ်ထိုးကြ…
ပြောစရာရှိတာ သံချပ်ထိုးကြ… ပြောစရာရှိတာ သံချပ်ထိုးကြ…

(ကဲ… ဒီတော့ ကျွန်တော်တို့ ရွေမြို့တော်ကြီးဆီက သိရသမျှ
ထူးခြားသတင်းတွေကို သံချပ်လေးနဲ့ စလိုက်ကြရအောင်… )

ရွေးကောက်ပွဲကြီး ပြီးသွားပြီ… ပြောပြစမ်းပါ ဘာတွေထူးလဲ…
ရွေးကောက်ပွဲကြီး ပြီးတဲ့အခါ… ပြောကြစမ်းပါ ဘာထူးသွားလဲ…

ရွေးကောက်ပွဲအတွက် မဲပုံးထောင်… မဲဆွယ်တဲ့မောင် လမ်းတခြမ်းခင်းပြ…
ရွေးကောက်ပွဲအတွက် မဲပုံးထောင်… မဲရေတဲ့မောင် ကယောင်ကတမ်း…

ရွေးကောက်ပွဲကြီး ပြီးတဲ့အခါ… အားလုံးသိတာ ဟိုကိစ္စပဲ….
ရွေးကောက်ပွဲကြီး ပြီးတဲ့အခါ… အများ သိတာ ဟိုကိစ္စပဲ…

ဒါဆိုရင်…
လူတွေသိတာ ဟိုကိစ္စပဲ... ပြောပြစမ်းပါ ဘာလဲ ဘာလဲ…
အားလုံးသိတာ ဟိုကိစ္စပဲ... ပြောပြစမ်းပါ ဘာလဲ ဘာလဲ…
ပြောပြစမ်းပါ ဘာလဲ ဘာလဲ… ပြောပြစမ်းပါ ဘာလဲ ဘာလဲ…
(တဖြည်းဖြည်းနှင့် အသံတိုးသွား… ပြီးမှ အသံ ကျယ်ကျယ်နှင့် အော်စေ…)

((((((ကြိုတင်မဲ… ကြိုတင်မဲ…)))))) ((((((ကြိုတင်မဲ… ကြိုတင်မဲ…))))))

ကြိုတင်မဲနဲ့ အောင်ပွဲခံ… သူတို့တွေမှာ ပျော်တပြုံးပြုံး…
ကြိုတင်မဲနဲ့ အောင်ပွဲခံ… အစိုးရသစ်ဟာ ပျော်မဆုံး မော်မဆုံး…

အစိုးရသစ် တက်လို့လာ… စကတည်းက ယဉ်သကိုဗျ…
အစိုးရသစ် တက်လို့လာ… လွှတ်တော်ဝတ်စုံ အံ့မကုန်ဗျို့…
ကမ္ဘာ့အထူးအဆန်း တို့ဆီမှာ… ခိုးသားငါးရာ အစိုးရတဲ့…
ကမ္ဘာ့အထူးအဆန်း တို့ဆီမှာ… ချိတ်ထမီဝတ်တာ အစိုးရတဲ့…
ကမ္ဘာ့အထူးအဆန်း တို့ဆီမှာ… သံချပ်တားတာ အစိုးရတဲ့…
ကမ္ဘာ့အထူးအဆန်း တို့ဆီမှာ… G Talk ပိတ်တာ အစိုးရတဲ့…

(((သူတို့တားလည်း မမှုပေါင်… ပြောစရာရှိတာ ပြောရမှာပဲ…)))
(((သူတို့ပိတ်လည်း မမှုပေါင်… ပြောစရာရှိတာ ပြောကို ပြောမှ…)))

သံချပ်ထိုးလို့ ဖမ်းမယ်ဆို… နေပြည်တော်ကို တံတိုင်းခတ်လိုက်…
မဲခိုးလို့သာ ဖမ်းမယ်ဆို… နေပြည်တော်ကို တံတိုင်းခတ်လိုက်…

ဆိုင်းဘုတ်တွေသာ ပြင်လိုက်တာ… လူနဲ့ မူက အရင်အတိုင်းပါပဲ…
ဖွဲ့စည်းပုံသာ ပြောင်းလိုက်တာ… လူနဲ့ မူက မဲပြာပုဆိုး…

( ကဲ… ဒါတွေ ပြောမနေကြပါနဲ့တော့… အခုလုပ်ရမှာက...)

နှစ်ဟောင်းကုန်လို့ နှစ်သစ်မှာ… လူတိုင်း လူတိုင်း ကောင်းမှု ပြုကြ…
နှစ်ဟောင်းကုန်လို့ နှစ်သစ်မှာ… မကောင်းမှုတွေ ဖယ်ကာ ရှားကြ…

မကောင်းတာတွေ ဖယ်ရှားချင်… ကြံ့ နဲ့ ဖွတ်တွေ နေပြည်တော် ရွှေ့…
နောက်နှစ်သစ်ကို မကူးခင်… ကြံ့ နဲ့ ဖွတ်တွေ နေပြည်တော် ရွှေ့…
(တိရိစ္ဆာန်ရုံ ရွှေ့ရင်း တလက်စထဲပေါ့ ခင်ဗျာ…)

မကောင်းတာတွေ ဖယ်ရှားချင်… သံပုံးတီးတာ ရိုးရာဓလေ့…
မကောင်းတာတွေ ဖယ်ရှားချင်… တောထုတ်ကြတာ ရိုးရာဓလေ့…

မကောင်းဆိုးဝါး အကောင်တွေ… သံပုံးတီးကာ တောထုတ်ကြစို့…
နေပြည်တော်က အကောင်တွေ… သံပုံးတီးကာ တောထုတ်ကြစို့…

မကောင်းဆိုးဝါး အကောင်တွေ… သံပုံးတီးကာ တောထုတ်ကြစို့…
သံပုံးတီးကာ တောထုတ်ကြစို့… မကောင်းဆိုးဝါး အကောင်တွေ…
မကောင်းဆိုးဝါး အကောင်တွေ… သံပုံးတီးကာ တောထုတ်ကြစို့…

(သံပုံးတီးသံ ဆူဆူညံညံဖြင့် သံချပ်ကို သိမ်းပါရန်…)


(မဏ္ဍပ်ပိုင်ရှင် ကိုဖေတင်)

ဒုံ ခွမ်းခွမ်း...ဒုံ ခွမ်းခွမ်း... ဒုန် ဂျန်းဂျန်း...ဒုံ ဂျမ်းဂျမ်း..

ချွတ်ကုန်ပြီဟဲ့ ချွတ်ကုန်ပြီ....ယူနီဖေါင်းတွေ ချွတ်ကုန်ပြီဟဲ့

စွပ်ကုန်ပြီကွဲ့ စွပ်ကုန်ပြီ...ချိတ်ထမီတွေ စွပ်ကုန်ပြီကွဲ့

လွှတ်တော်တက်ဖို့ စွပ်ရတာ...ဘာဖြစ်သလဲ ဗျာ

လွှတ်တော်ဝင်ဖို့ ချွတ်ရတာ.... ဘာဖြစ်သလဲ ကွာ

စစ်သားကြီးတွေ ထမီဝတ်တော့ ရွံတာပေါ့...ရွံတာပေါ့

စစ်ဗိုလ်တွေက ခေါင်းပေါင်းထောင်တော့ ရွံတာပေါ့...ရွံတာပေါ့

နေပြည်တော်ကို လာခဲ့နော်....လှိုင်ခေါင်းထဲကို လိုက်ပြမယ်ဗျ

လှိုင်ခေါင်းထဲမှာ ဘာရှိတယ်.... သိရင်ပြောကြကွယ်

သိပါတယ်အေ့...သိပါတယ်... အနှိပ်ခန်းတွေ ရှိတယ်မှုတ်လား

သိပါတယ်လေ့...သိပါတယ်...လင်းနို့ချီးတွေ ရှိသမှုတ်လား

ဒိန်း တတ်တပ်....ဒိန်း တပ်တတ်.....ဒိမ်း တတ်တပ်...ဒိမ်းဒိန်း တပ်

( နေပြည်တော်တော့ တော်လောက်ပြီ....ပြည်သူတွေဆီ သွားကြဦးစို့ ) ၂

ဒို့ပြည်သူတွေ ဘယ်မှာနေ.... မယေးရှားမှာနေ ( ဟေ)

ဒို့လူငယ်တွေ ဘယ်မှာနေ...ချင်ကာပူမှာ နေ (ဟေ)

ဒို့ပြည်သူတွေ ဘယ်ကိုသွား....အမေယီးကားကို သွား...

ဒို့လူငယ်တွေ ဘယ်ကိုသွား...အော်စေးယားကို သွား...

ပညာတတ်တွေ ဘယ်ကိုသွား....နိုင်ဂျမ်ဂါးကို သွား...

ပညာမတတ်တွေ ဘယ်ကိုသွား...နိုင်ဂျမ်ဂါးကို သွား...

တိုင်းပြည်ထဲမှာ ဘယ်သူတွေကျန်....အဖိုးကြီး အဖွားကြီး ကျန် (အမ်)


 
(ရန်ကုန် ဂျော်ဒီး)

ဒုံး ဒုံး..ချပ်....ဒုံး ဒုံး ချပ်...ဒုံး ဒုံး..ချပ်....ဒုံး ဒုံး ချပ်...

မြန်မာတို့ရဲ့နှစ်သစ်အတာ........သင်္ကြန်ပွဲမှာ ကဲကြတယ်တဲ့ ....

ရွှေပြည်ဝေးတို့  သင်္ကြန်မှာ......သံချပ်ထိုးကာ ပျော်ကြတယ်တဲ့....

ရွှေပြည်တွင်းက အခြေအနေ.....အဝေးကနေ သရော်ကြ ကလိကြ..

ဖိတ်စာရလို့  လာခဲ့တယ်......မင်းတို့မိတ်ဆွေ ဂျိုပြုတ် ဒူးကြီး...

ဒီနှစ်ခါတော့ ဆီးလို့ ကြိုကွယ်......မောင်ကြီးလာပါမယ် လာဘာမယ်...

နောင်နှစ်ခါတော့ သိပ်မသေချာ......သေရွာသွားမယ် နှုတ်ဆက်ပါရဲ့...

ဟိုမှာ ဒီမှာ ဗုံးပေါက်တာ.....သားသား အဲဒါ....သိဝူး..သိဝူး

နိုင်ငံရေးအကျဉ်းသားတွေ ထောင်ထဲမှာ....သားသား အဲဒါ ...သိဝူး...သိဝူး

ကုန်ဈေးနှုန်းတွေ မိုးပေါ်မှာ....သားသား အဲဒါ.. သိဝူး..သိဝူး..သိပါဘူး ဆိုမှ

နယ်စပ်ဒေသ တိုင်းရင်းသားတွေ.....ပြည်တွင်းစစ်မှာ အပြစ်မဲ့ သေကြ

ဟုတ်လို့လား ဟုတ်လို့လား....သားသား အဲဒါ ...သိဝူး....သိဝူး

တိုင်းသူပြည်သား စိတ်ညစ်အောင်....လက်သံပြောင်တာ ငါ ဟုတ်လို့လား

ပြည်သူတွေရဲ့ ရင်နှစ်သည်းချာ....ချစ်ရှာကြီးပါ ကြည့်ကြပါဦး

ချစ်ရှာကြီးမို့ မေတ္တာဝေ....မူဘာရက်ရေ...အဖော်ခေါ်လှည့်

ချစ်ရှာကြီးမို့ မေတ္တာဝေ...ဘက်ဘိုကြီးရေ အဖော်ခေါ်လှည့်

နိုင်ငံတကာ ခုံရုံးမှာ....ယိမ်းကကြမယ် ဒုံးချပ်...ဒုံး ချပ်

ဇတ်သိမ်းခန်းက လာတော့မယ်....ကားလိပ်ချမယ် မြေတွင်းတူးထား

သူများပျော်လို့ မပျော်နိုင်....ရည်းစားပျောက်လို့ မှိုင်

သူများပျော်လို့ မပျော်နိုင်ဘူး....ကဒါဖီကြီးရေ ကယ်ပါဦးလား

နိုင်ငံတကာ ခုံရုံးကို... ကြိုးတုတ်ပို့မယ် ကြိမ်းနေတယ်ဗျ...

ညစဉ် ညစဉ် ...အိပ်မပျော်ပေါင်..... ကိုယ့်အရိပ်တောင်...ကိုယ်ကြောက်နေရ

ကြိုးတုတ်ပို့မယ် ကြိမ်းသူတွေ.....သားသားပါဘူး ရာထူးစွန့်ထား
(နောက်ကွယ်ကတော့ ...ကိုရိုးကားယား...)

ဟေ့ ....စိန် လား...ဟေ့ ...ရွှေလား...
ဟေ့ ...လေးလုံးလား.....ဟေ့....ရှစ်လုံးလား
ဟေ့..လား....မင်း တို့  အရင်သွား
(ရဘူး....ရဘူး... ဟေ့လား...မောင်တို့ အကုန်သွား....)


(အမည် မလုံ့တလုံဖော်လိုသူ ပဒရ)

တို့ရွှေပြည်သင်္ကြန် ပျင်းစရာ... သံချပ်ဆိုတာ မထိုးရဘူးတဲ့
သံချပ်ကိုတောင် မထိုးရဘူးတဲ့... တို့ရွှေပြည်သင်္ကြန် ပျင်းစရာ

ဘာကြောင့်များလဲ မောင်တို့ရယ်....သံချပ်တွေကို မှန်မှာ စိုးသလား
သံချပ်တွေကို မှန်မှာစိုးသတဲ့.... ဘာကြောင့်များလဲ မောင်တို့ရယ်

သံချပ်မှန်မှာ စိုးရိမ်ရင်.... သံချပ်ကာအင်္ကျီဝတ်ထားပါလား
သံချပ်ကာအင်္ကျီဝတ်ထားပါလား.... သံချပ်မှန်မှာ စိုးရိမ်ရင်

မကြောက်ပါနဲ့ အစ်ကိုတို့ရယ်....သံချပ်တွေကို မိုးပေါ်ထောင်ပစ်
မိုးပေါ်ကိုထောင် ပစ်လိုက်တာဗျ....မကြောက်ကြနဲ့ အစ်ကိုတို့ရယ်
(သံချပ်တွေမှန်နေတယ်နော်..... သံချပ်တွေမှန်နေတယ်)

အင်တာနက်ထဲ သင်္ကြန်ကျမယ်....ပျော်စရာပါကွယ် ဆင်ဆာတွေလွတ်
ပျော်စရာကြီးပါ ဆင်ဆာတွေလွတ်.... အင်တာနက်ထဲ သင်္ကြန်ကျတာ

မုန့်လုံးရေပေါ် စားဦးနော်....အလုံးညီညီ ရိုက်ပေးမှာပေါ့
တစ်လုံးချင်းညီညီ ရိုက်ပေးမှာပေါ့....၀လုံးရေပေါ် စားဦးနော်
OOOOOOOOOOOOOOOOO (လုံးလုံးလုံး.... လုံးလုံးလုံး)

အိုးမည်းသုတ်တာ ပျော်စရာ...အခြစ်ရာလေးတွေ ရိုက်လိုက်တာပဲ
အခြစ်ကလေးတွေ ရိုက်လိုက်တာပေါ့....အိုးမည်းသုတ်ချင် သိပ်လွယ်တာ
########### (ဂျစ်ဂျစ်ဂျစ်.... ဂျစ်ဂျစ်ဂျစ်)

ရေပြွတ်လိုချင် ရဦးမယ်.... ဟောဒီမှာကွယ် သင်္ကေတလေး
ဟောဒီမှာကွယ် သင်္ကေတလေး....ရေပြွတ်လိုချင် ရဦးမယ်
|=|=====> (ဖြန်းဖြန်းဖြန်း... ဖြန်းဖြန်းဖြန်း)

မျက်စိနဲ့ပဲ ကျတဲ့သင်္ကြန်...လာခဲ့ပါကွယ် ဗာကျူရယ်ဝါးလ်ဒ်
လာခဲ့ပါကွယ် ဗာကျူရယ်ဝါးလ်ဒ်.... မျက်စိနဲ့ပဲ ကျတဲ့သင်္ကြန်

ဖေ့စ်ဘွတ် ဘလော့ဂ် စုံလင်စွာ....လိုက်လည်ကြပါ ပျော်စရာပဲ
လိုက်လည်ကြတာ ပျော်စရာပဲ....ဖေ့စ်ဘွတ် ဘလော့ဂ် စုံလင်စွာ

ရွှေပြည်ဝေးလို့ ကြံမိရာ....ခွင့်ပြုပါနော် ဒီသံချပ်လေး
ခွင့်ပြုပါကွယ် ဒီသံချပ်လေး.... ရွှေပြည်ဝေးလို့ ကြံမိတာ
(ပတ်ဗေတိုးပေ ပတ်ဗေတိုးပေ.... ပိုတို ပတ်ဗေး.. ပတ်ဗေး.. ဂျိ)
ကဗျာလွတ်ဖြင့် တစ်ခန်းရပ် ။

(ဆရာ မှူး)

အမေ့ချွေးမ ပျောက်လို့ရှာ....တွေ့ပြီ တွေ့ပြီ သူဘဲ သူဘဲ
အမေ့ချွေးမ ပျောက်လို့ရှာ....တွေ့ပြီ တွေ့ပြီ ပန်ဒိုရာဘဲ...အဲလေ မှားကုန်ပြီ...
အမေ့ချွေးမ ပျောက်လို့ရှာ....တွေ့ပြီ တွေ့ပြီ သူဘဲ သူဘဲ
တွေ့ပြီ တွေ့ပြီ သူဘဲ သူဘဲ...သံချပ်ကြောက်တဲ့ သခိုးတွေ
တုံတလုံတုန်... တုံတလုံတုန်

ကိုဘီလူးမဏ္ဏဎ်မှ သံချပ်တိုင်သံ အနည်းငယ်ကျယ်လောင်၍
စစ်ထောက်လှမ်းမယ်များ ရီပို့တင်သောအခါ
ကြိုတင်သမ္မတကြီးနဲ့အဖွဲ့ဝင်များက တခါခါ၊ ချိတ်ထမီ တရမ်းရမ်းဖြင့်
ဒေါသတကြီး ဒီမိုကရေစီကြိုတင်ကျင့်စဉ်ဖြင့်ချီတက်
ကြွေးကြော်ကြသည်မှာ...
မဲခိုးလို့သာ ဖမ်းမယ်ဆို...နေပြည်တော်ကို အုတ်တံတိုင်းခတ်လိုက်...
နေပြည်တော်ကို အုတ်တံတိုင်းခတ်လိုက်....မဲခိုးလို့သာဖမ်းမယ်ဆို....(ကဲစကားနဲရန်စဲသူတို့ကိုတော့ဝေးဝေးကဘဲ
ရှောင်ရအောင်...ရွှေပြည်ဝေးသူငယ်ချင်းတို့ရေ...)

သန်းရွှေကြီးက ယူဂျီဝင်....သူ့ဖင်ကြီးက ဂျပိုးလိုဘဲ
သူ့ဖင်ကြီးက ဂျပိုးလိုဘဲ....သန်းရွှေကြီးက ယူဂျီဝင်..
(ယူဂျီ= under ground=မြေအောက်)

ဂျပိုးများပုန်းသောအခါ၊ ခေါင်းသေးသေးလေးများ ဖွက်၍
လုံခြုံပြီသူ့ကိုယ်သူထင်ကာ၊ သူတို့ဖင်ကြီးများမှာသွေးဝကာ
တင်ကျန်ရစ်ခဲ့သည်..:)
ကဲကဲ....ရော့ ကိုဘလူး၊ ကိုဇာနီ၊ ဒေါ်ချစ်ကြည်၊ ကေအေဝိုင်၊ သက်သက်ဝေနဲ့ပန်ပန်ရေ
ဟောဒီက ဒို့ရဲ့ဘီလူးလေဘယ်လေး အမှတ်တရ ရှယ်ကြရင်း....

ကလေးငိုလို့ မလာနိုင်သူတွေ.....ချိုလိန်ပေးမယ် လာခဲ့ပါဦး
သန်းစိန်ကြောက်လို့ မလာနိုင်သူတွေ....ချိတ်ထမိန်ပို့မယ် နေပြည်တော်သွားဖို့
သန်းစိန်တို့...သန်းရွှေတို့...ငရဲကြိုလို့...ဟေ လာ မောင် တို့..ချီးရားစ်....


 
(မဏ္ဍပ်ပိုင်ရှင်)

ဒုံ ချပ်ချပ်...ဒုံချပ် ဒုံချပ်....ဒုံ ချပ်ချပ်...ဒုံဒုံ ချပ်ချပ်

( ကလေးအလုပ်သမား... ကလေးအလုပ်သမား....ဒို့တိုင်းပြည်မှာ သိပ်ကိုများ) ၂

( ကလေးလေးတွေ ဘာလုပ်နေ.... စားပွဲထိုးနေ တောင်းစားနေသဗျ ) ၂

( မိဘမဲ့တဲ့ ကလေးငယ်တွေ.... လမ်းဘေးကြုံသလို ကြီးပျင်းနေရ ) ၂

( မိဘမသိတဲ့ ကလေးတွေ.... ဘုန်းကြီးကျောင်းမှာနေ ) ၂

(ဘုန်းဘုန်းတွေလည်း ဆွမ်းမ၀...ကလေးတွေလည်း ငတ်ကြ ငတ်ရ ) ၂

( မပူပါနဲ့ ကိုယ့်လူရယ်....တပ်မတော်ကြီး ရှိပါတယ် ) ၂

( ဒို့တပ်မတော်က သဘောကောင်းတယ်....ကလေးစစ်သားလည်း လက်ခံတယ်ကွ ) ၂

( ဒို့ရဲ့ကလေးများ ခေတ်မှီတယ်....ဘန်ကောက်တက်ပြီး တောင်းစားတယ်ကွ ) ၂

( ကလေးကုန်သည်တွေ ရှိတယ်နော်...ဈေးကောင်းပေးမယ်...ရောင်းမလား ရောင်းမလား ) ၂

(ချိတ်ထမီနဲ့ သမ္မတ ငပြောင်....ဒီအကြောင်းတွေ သိပါရဲ့လား...) ၂

( နင်ဘယ်သိမလဲ ပြောင်ကြီးရယ်...နင့်အမျိုးတွေ မပါဘူးမှုတ်လား ) ၂

( ရွှေပြည်ဝေးကို လာခဲ့ပါ..... သင်္ကြန် ကုန်တောင်...ပြောစရာ မကုန်ဘူး ) ၂

( ရွှေရင်အေးလည်း တိုက်နေတယ်... ရင်ပူစရာတွေ အေးရအောင်လို့ ) ၂

ဟေ့ ကြောင်လား...ဟေ့..ကြွက်လား....ဟေ့..ငပြောင်လား...ဟေး လား မောင် ဒို့ ၀ါးးးးး