Sunday 8 April 2012

Online သင်္ကြန် မရိုး ပြန် (ရေးသားသူ - အိပ်မက်ရှင်)

စကားဦး

သင်္ကြန်အချိန်အခါက ပြန်လည်လို့ ကျရောက်ခဲ့ပါပြီ၊ နှစ်ဟောင်းတွေ ကုန်ဆုံးလို့ နှစ်သစ်ကို ကူးတဲ့ သမယမှာ မိတ်ဆွေတွေ အားလုံး စိတ်သစ်၊ လူသစ်နဲ့ ရွှင်လန်း ချမ်းမြေ့ပါစေရယ်လို့ ဦးစွာ ဆန္ဒပြု၊ ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်၊ ကျွန်တော် မနှစ်က ရေးဖြစ်ခဲ့တဲ့ ဒီသံချပ်လေးကို ပြန်ဖတ်ကြည့်မိတော့ မနှစ်က ပျော်ပျော်ပါးပါး ဆင်ယင်နွှဲခဲ့ကြတဲ့ အွန်လိုင်းသင်္ကြန်ကို ပြန်အမှတ်ရမိတယ်၊ နှစ်သစ်ကူး ပြောင်းတဲ့အခါ နှစ်ဟောင်းက အဟောင်းတွေကို နှစ်သစ်ကို သယ်ဆောင်မလာရဘူးဆိုတာ မှန်ပေမဲ့ ဒီသံချပ်လေးကတော့ ရိုးမသွားဘူးလို့ ကျွန်တော့် စိတ်ထဲ ခံစားမိတာမို့ အခုလို ပြန်လည် ဆန်းသစ်ပြီး၊ ဖုံခါ ဆေးသုတ်လိုက်ပါတယ်၊ ဒါပေမဲ့ မနှစ်က သံချပ်ကို တင်တဲ့အခါ ခွန်းထောက်ပါမသွားတဲ့ အတွက် ဒီနှစ်မှာ ပြန်တင်တဲ့အခါ ခွန်းထောက်လေး ဖြည့်စွက်ပြီး ပိုမို အသက်ဝင်သွားအောင် ဖန်တီးလိုက်ပါတယ်။ မိတ်ဆွေများ အားလုံး ပျော်ရွှင်စွာနဲ့ နှစ်ကူး အမြူးနဲ့ အထူး စိတ်တိုင်းကျပြီး ကျေနပ်စိတ်ကူး အတာရေနဲ့ ထူးနိုင်ကြမယ်လို့ မျှော်လင့်ရင်း အွန်လိုင်းသင်္ကြန် မရိုးပြန် အစီအစဉ်လေးကို တင်ဆက်လိုက်ပါတယ် ခင်ဗျာ။


ခွန်းထောက်

အလှထူးပါတဲ့၊ အို ဘာတဲ့...
အလှထူးပါတဲ့ လတန်ခူး အချိန်အခါ...
ပိတောက်ပွင့်ရာ ဤမြေ... မဟာ... ...
ဤမြေမှာ အတာကြူးကြသမို့
စိတ်အကူးတွေနဲ့ မြူးစို့ကွဲ့ ဒီ အချိန်... အခါ....
(ကဲ... မောင်တို့ရေ)
အစဉ်အလာမပျက်တဲ့ မင်္ဂလာအခါအချက်မှာဖြင့်
ဖွေသဒ္ဓါသက်ကြသမို့ ရွှေအဝါ အခက်တွေနဲ့  အပြိုင်
ဖူးပွင့်တဲ့ ရိုးရာသံချပ်တွေနဲ့ အွန်လိုင်းမဏ္ဍပ်မှာ
ကြွလာသူ ပရိသတ်တွေ ဘဝင်အေး အဆင်ပြေးအောင်
ပက်ဖြန်းသွန်းလောင်းလိုက်ကြပါစို့လား မောင်တို့ရေ....

Online သင်္ကြန် မရိုး ပြန် (သင်္ကြန်သံချပ်)

သင်္ကြန်ချိန်ပြန် ရောက်လာပြီ၊ ၁၃၇၄ ပဲ
၁၃၇၄ ပဲ၊ သင်္ကြန်ချိန်ပြန် ရောက်လာပြီ။

အတာကြူးတဲ့ သင်္ကြန်ခါ၊ ဝေးရောက်နေတာ ခက်လှတာပဲ
ဝေးရောက်နေတာ ခက်လှတာပဲ၊ အတာကြူးတဲ့ သင်္ကြန်ခါ။

ပန်းပိတောက်တို့ ဝေဝေစီ၊ အလုအယက်သာ ခူးကာ Tag ကြ
အလုအယက်သာ ခူးကာ Tag ကြ၊ ပန်းပိတောက်တို့ ဝေဝေစီ။

အွန်လိုင်းပေါ်က အပျိုတွေ၊ Facebook တက်ကာ ရေပက်နေကြ
Facebook တက်ကာ ရေပက်နေကြ၊ အွန်လိုင်းပေါ်က အပျိုတွေ။

Online ပေါ်က ကိုကိုတွေ၊ ပုလင်းစုံ Tag ကာ မြင်ရုံ မူးရ
ပုလင်းစုံ Tag ကာ မြင်ရုံ မူးရ၊ Online ပေါ်က ကိုကိုတွေ။

သပြေခက်နဲ့ ရေမပက်ပါ၊ Mouse Click နဲ့သာ လောင်းကာရွှဲရ
Mouse Click နဲ့သာ လောင်းကာရွှဲရ၊ သပြေခက်နဲ့ ရေမပက်ပါ။

စတုဒီသာတွေ ကျွေးကြတယ်၊ အငွေ့အသက်နဲ့တောင် မြင်ကာ မစားရ
အငွေ့အသက်နဲ့တောင် မြင်ကာ မစားရ၊ စတုဒီသာတွေ ကျွေးကြတယ်။

gtalk ဆိုတဲ့ မဏ္ဍပ်မှာ၊ ဗွမ်းဗွမ်းရှိသာ Type ကာ ပက်ကြ၊
ဗွမ်းဗွမ်းရှိသာ Type ကာ ပက်ကြ၊ gtalk ဆိုတဲ့ မဏ္ဍပ်မှာ။

youtube ဆိုတာ အလှပြယာဉ်လား၊ တီးမှုတ်ကခုန် ဖျော်ဖြေနေ
တီးမှုတ်ကခုန် ဖျော်ဖြေနေ၊ youtube ဆိုတာ အလှပြယာဉ်လား။

သူတင်ကိုယ်တင် ပက်ကြတာ၊ Facebook ကြီးတောင် နေထုတ်လှန်းရ
Facebook ကြီးတောင် နေထုတ်လှန်းရ၊ သူတင်ကိုယ်တင် ပက်ကြတာ။

CCTV မတပ်ရပါ၊ ဒို့တွေ ပျော်တာ Online မဏ္ဍပ်
ဒို့တွေ ပျော်တာ Online မဏ္ဍပ်၊ CCTV မတပ်ရပါ။

တချို့တလေက Link ပို့ကာ၊ ရေခဲထုပ်တောင် ထုလိုက်သေးရဲ့
ရေခဲထုပ်တောင် ထုလိုက်သေးရဲ့၊ တချို့တလေက Link ပို့ကာ။

မဏ္ဍပ်ကြေးလည်း မကုန်ပါ၊ PC ဖွင့်ကာ ကြဲကြတာပဲ
PC ဖွင့်ကာ ကြဲကြတာပဲ၊ မဏ္ဍပ်ကြေးလည်း မကုန်ပါ။

ရန်ဖြစ်မှာလည်း မကြောက်ရပါ၊ Block လုပ်ကာ ပိတ်လျှင် ရသား
Block လုပ်ကာ ပိတ်လျှင် ရသား၊ ရန်ဖြစ်မှာလည်း မကြောက်ရပါ။

မီးသတ်ပိုက်တွေ ကြောက်စရာမလို၊ အလုပ်ရှင်လာ ပိတ် ရတာပဲ
အလုပ်ရှင်လာ ပိတ် ရတာပဲ၊ မီးသတ်ပိုက်တွေ ကြောက်စရာမလို။

အိုးမည်သုတ်ဖို့ လိုက်တဲ့အခါ၊ Signout လုပ်ကာ ပြေးကြတာပဲ
Signout လုပ်ကာ ပြေးကြတာပဲ၊ အိုးမည်းသုတ်ဖို့ လိုက်တဲ့အခါ။

 ကြံဖန်ပြီးတော့ ပျော်စရာရှာ၊ Online သင်္ကြန်မှာ ဆင်ကာနွှဲကြ
Online သင်္ကြန်မှာ ဆင်ကာနွှဲကြ၊ ကြံဖန်ပြီးတော့ ပျော်စရာရှာ။

ဟေ့..... မောင်လား၊ ဟေ့....... မယ်လား
ဟေ့ ... မယ်လား၊ ဟေ့........ မောင်လား
ဟေ.....လာ......မောင်....... ရို့ ဝါးးးးးးးးးးးးးးးးးးးးးးးးး

(ပျော်ရွှင်ကြည်နူးဖွယ်ကောင်းသော မြန်မာနှစ်ကူးသမယ ဖြစ်ပါစေဗျာ)


အိပ်မက်ရှင်
(08-04-2012)

1 comment:

  1. ပျော်ရွှင်ရမယ့် အတာကြူး နှစ်ကူးသမယပါခင်ဗျာ၊ အစ်မရေ ကျေးဇူးဗျို့။ :)

    ReplyDelete