"ကဲ ဘယ်လိုလုပ်ကြမတုန်း"
ဂျူတီ ဇယားကို ကြည့်ရင်း ကျွန်မတို့ သူငယ်ချင်း နှစ်ယောက် စိတ်ကြပ်သွားသည်။
ဧပြီလ အတွက် အကြတ်နေ့မှာ ၂၄ နာရီဂျူတီ။ ကိုပေါက်စီ အိမ်မှာ
မုန့်လုပ်စားကြမှာက အကြတ်နေ့။ သူတို့က သူငယ်ချင်းအားလုံး ဂျူတီ အားမယ့်နေ့ကို
စီစဉ်ထားတာ။ ထပ်တော့ ရွှေ့မရတော့... ဂျူတီလဲလို့ရပေမယ့် သင်္ကြန်အတွင်းကို
ဘယ်သူမှ သဘောကောင်းပြီး ပိုဆင်းပေးမှာမဟုတ်။ အဖွဲ့ ၄ဖွဲ့ကို ၄ ရက်စီ ယူထားတာ
မျှတသည်။
" နီးမှ ကြည့် ကကြမယ်.." ဒီလိုနဲ့ မေ့မေ့ပျောက်ပျောက် ဖြစ်တုန်း ..
ဂျူတီ ချိန်းတော့ ကိုယ့်ဂျူတီ အရှေ့က သုံးယောက်က
"ဟဲ့ နင်တို့တွေ အဆင်ပြေကြလား"
" အေး... ငါတို့ ကinjection နဲ့ drip ချိတ်စရာချိတ်ပြီးရင် တယောက်ကိုထား နှစ်ယာက် လျှောက်လည်တယ်။ အလှည့်ကျပေါ့ဟာ..."
တယ်ဟုတ်ပါလား... ကျွန်မတို့ ပျော်သွားကြသည်။ ဒီလိုအတိုင်းဆို
ငါတို့လည်း မုန့်သွားစားလို့ရပြီပေါ့။ ဟုတ်တော့လည်း ဟုတ်သည်။ သင်္ကြန်ဆို
ဆရာတွေက ဆေးရုံလူနာ ခါသည်။ Operation မရှိ။ တ ward လုံးမှာမှ နှစ်ယောက် လား သုံး
ယောက်လား ကျန်သည်။
မနက်ပိုင်း ပျော်ပျော်ရွှင်မြူးတူးစွာ... ၁၂ နာရီထိုးတော့
ကျွန်မတို့နဲ့ အတူတူဆင်းတဲ့ ဆေးမန်းက သူငယ်ချင်းက "နင်တို့
သွားစရာရှိသွားတော့လေ။ ဒီမှာ ဘာမှာမှ မရှိပဲ။ ငါ တစ်ယောက်ထဲနိုင်တယ်။ "
သူက နှစ်ခွန်းမပြောလိုက်ရ.. ဟန်မဆော င်နိုင် ဝမ်းသာအားရဖြင့်...
"အဲဒါဆို ဆရာတွေလည်း မရှိတုန်း ငါတို့ခဏလစ်လိုက်ဦးမယ်။ မုန့်စားပြီးတာနဲ့ ချက်ချင်းပြန်ခဲ့မယ်..."
ဆေးမန်းကသူငယ်ချင်းကို အာဘွားတွေ ဘာတွေပေး၊ နှစ်ကောင်သား ခြေသံလုံလုံနှင့် လစ်ထွက်လာခဲ့ကြသည်...။
သွားမယ့် ကိုပေါက်စီ အိမ်က ပြည်လမ်းမှာဆိုတော့ ဂျပန်ဆေးရုံနဲ့ နီးနီးလေး။ ဟိုရောက်တော့ သူငယ်ချင်းတွေ အကုန်လုံးက
သူ့ဂျူတီနဲ့သူ ဖြစ်နေကြတော့ တော်ရုံနဲ့ မတွေ့နိုင်။ ဒီနေ့မှတွေ့ရတာဆိုတော့
စကားတွေ ဖောင်ဖွဲ့ ဟီးဟီးဟားဟားတွေ လုပ်။
ဘယ်လောက်ကြာလဲတော့မသိ။ ဖုန်းမြည်လာသည်...။ " ဗုံး" ပေါက်လို့တဲ့... ဟင်...
ဆေးရုံကို သုတ်ခြေတင် ပြေးကြရြ ပီပေါ့။။
ကိုယ်က ဆေးရုံကိုအပြန်၊ မြို့ထဲက ပြန်လာတဲ့ ကားတွေက အတက်။
ဘယ်လိုမှကို ရွေ့မရတော့တာ...
သေပါပြီ! သေပါပြီ! ဆေးရုံမှာ ကျန်နေခဲ့သော သူငယ်ချင်းကလည်း ဖုန်း တဂွမ်ဂွမ် ခေါ်နေဆဲ...
"နင်တို့တွေ မြန်မြန်လာ... ဒီမှာ ငါရူးတော့မယ်..."
"ဆရာအကြီးတွေ အကုန်ရောက်နေကြပြီ..."
"ဟိုဟောက်စ်နှစ်ယောက် ဘယ်မှာလဲ မေးကုန်ကြပြီ။ ငါဘာလုပ်ရမလဲ..."
မေးလည်း မတတ်နိုင်။ ကိုယ့်မှာ ကားပင်လယ်ထဲပိတ်မိရက်သား။ ငါတို့  လာနေပါပြီ ပြောရုံကလွဲလို့ ဘာမှ မလုပ်နိုင်။ စူပါမင်းလိုလည်း မပျံတတ်။
ဆေးရုံပြန်ရောက်တော့
၃ နာရီခွဲ။ ဆရာတွေရဲ့ မျက်နှာက ပြုံးနေတာပဲ။ ဘယ်ဟုတ်ပါ့မလဲ။ ဆူတာပေါ့။
နှစ်ယောက်သား မျက်နှာငယ်လေးများဖြင့် တနာရီနီးပါးလောက် မတ်တပ်ရပ်
ကြိမ်းမောင်းခံလိုက်ရတယ်။ ခံလည်း ခံသင့်ပါတယ်။ လူနာတွေ ဆေးရုံကြီးမသွားပဲ
ကျွန်မတို့ဆီလာလိုက်ရင် လူအင်အားမရှိလို့ မသေသင့်ပဲ သေကုန်ကြမှာပါ။
လစ်တုန်းကတော့ အဲဒါတွေ မတွေးမိခဲ့ဘူး။ လူတိုင်းပျော်ရွှင်နေမယ့် အချိန်မှာ
ဗုံးဖောက်လိမ့်မယ်လို့လည်း မထင်မိခဲ့ဘူး။ Disaster ဆိုတာက
ခန့်မှန်းလို့မရပေမယ့် အဆင်သင့်ရှိဖို့လိုတာ သဘောပေါက်သွားတယ်။
ဟောလ် ကို ဗုံးပေါက်တဲ့ လူနာတွေအတွက် ကုတင်တွေရွှေ့... လူနာတွေရွှေ့... ရိုးရိုးလူနာတွေကို ပိုက်ဆံခန်းထဲသွင်း၊ အဲယားကွန်းနဲ့
ဇိမ်ကျကြ။ ကံကောင်းချင်တော့ ဗုံးပေါက်လူနာအားလုံး ဆေးရုံကြီးကို
သွားရပါတယ်။ ကျွန်မတို့ဆီကိုကျတော့ လူနာလာပို့တဲ့ ရဲကား
ဆေးရုံကြီးရှေ့မှာတင် ထပ်မှောက်လို့ ရောက်လာတာလောက်ပါပဲ။ ဟိုဘက်ဆေးရုံကြီး
အရေးပေါ်က သူငယ်ချင်းတွေတော့ တခြား ward က လူတွေပါ ဆင်းကူရအောင်
လူနာများပါတယ်။ သတင်းမှာတော့ သူငယ်ချင်းတော်တော်များများရဲ့ ပုံတွေ ပါပါတယ်။
Drip ပုလင်းကြီး ကိုင်ပြီး ဟိုပြေးဒီပြေး။
အနှစ်ချုပ်ကတော့  နှစ်သစ်ကူးမှာ
အကျိုးပေးကောင်းစွာနဲ့ ဂျူတီ တစ်ခါမှ မလစ်ဘူးတဲ့ ကျွန်မတို့
နာမည်ဆိုးကြီးနဲ့ ကျော်ကြားသွားပါတော့တယ်။ :)
ရန်ကင်းသူ
No comments:
Post a Comment