စုချစ်သူ ရေးဆွဲတဲ့ ချစ်စရာ သင်္ကြန်ကာတွန်းလေးတွေပါ...
Friday, 13 April 2012
Thursday, 12 April 2012
Wednesday, 11 April 2012
သင်္ကြန်နဲ့ အကျိုးပေး ကောင်းပုံ (ရေးသားသူ - ရန်ကင်းသူ)
"ကဲ ဘယ်လိုလုပ်ကြမတုန်း"
ဂျူတီ ဇယားကို ကြည့်ရင်း ကျွန်မတို့ သူငယ်ချင်း နှစ်ယောက် စိတ်ကြပ်သွားသည်။
ဧပြီလ အတွက် အကြတ်နေ့မှာ ၂၄ နာရီဂျူတီ။ ကိုပေါက်စီ အိမ်မှာ
မုန့်လုပ်စားကြမှာက အကြတ်နေ့။ သူတို့က သူငယ်ချင်းအားလုံး ဂျူတီ အားမယ့်နေ့ကို
စီစဉ်ထားတာ။ ထပ်တော့ ရွှေ့မရတော့... ဂျူတီလဲလို့ရပေမယ့် သင်္ကြန်အတွင်းကို
ဘယ်သူမှ သဘောကောင်းပြီး ပိုဆင်းပေးမှာမဟုတ်။ အဖွဲ့ ၄ဖွဲ့ကို ၄ ရက်စီ ယူထားတာ
မျှတသည်။
" နီးမှ ကြည့် ကကြမယ်.." ဒီလိုနဲ့ မေ့မေ့ပျောက်ပျောက် ဖြစ်တုန်း ..
ဂျူတီ ချိန်းတော့ ကိုယ့်ဂျူတီ အရှေ့က သုံးယောက်က
"ဟဲ့ နင်တို့တွေ အဆင်ပြေကြလား"
" အေး... ငါတို့ ကinjection နဲ့ drip ချိတ်စရာချိတ်ပြီးရင် တယောက်ကိုထား နှစ်ယာက် လျှောက်လည်တယ်။ အလှည့်ကျပေါ့ဟာ..."
တယ်ဟုတ်ပါလား... ကျွန်မတို့ ပျော်သွားကြသည်။ ဒီလိုအတိုင်းဆို
ငါတို့လည်း မုန့်သွားစားလို့ရပြီပေါ့။ ဟုတ်တော့လည်း ဟုတ်သည်။ သင်္ကြန်ဆို
ဆရာတွေက ဆေးရုံလူနာ ခါသည်။ Operation မရှိ။ တ ward လုံးမှာမှ နှစ်ယောက် လား သုံး
ယောက်လား ကျန်သည်။
မနက်ပိုင်း ပျော်ပျော်ရွှင်မြူးတူးစွာ... ၁၂ နာရီထိုးတော့
ကျွန်မတို့နဲ့ အတူတူဆင်းတဲ့ ဆေးမန်းက သူငယ်ချင်းက "နင်တို့
သွားစရာရှိသွားတော့လေ။ ဒီမှာ ဘာမှာမှ မရှိပဲ။ ငါ တစ်ယောက်ထဲနိုင်တယ်။ "
သူက နှစ်ခွန်းမပြောလိုက်ရ.. ဟန်မဆော င်နိုင် ဝမ်းသာအားရဖြင့်...
"အဲဒါဆို ဆရာတွေလည်း မရှိတုန်း ငါတို့ခဏလစ်လိုက်ဦးမယ်။ မုန့်စားပြီးတာနဲ့ ချက်ချင်းပြန်ခဲ့မယ်..."
ဆေးမန်းကသူငယ်ချင်းကို အာဘွားတွေ ဘာတွေပေး၊ နှစ်ကောင်သား ခြေသံလုံလုံနှင့် လစ်ထွက်လာခဲ့ကြသည်...။
သွားမယ့် ကိုပေါက်စီ အိမ်က ပြည်လမ်းမှာဆိုတော့ ဂျပန်ဆေးရုံနဲ့ နီးနီးလေး။ ဟိုရောက်တော့ သူငယ်ချင်းတွေ အကုန်လုံးက
သူ့ဂျူတီနဲ့သူ ဖြစ်နေကြတော့ တော်ရုံနဲ့ မတွေ့နိုင်။ ဒီနေ့မှတွေ့ရတာဆိုတော့
စကားတွေ ဖောင်ဖွဲ့ ဟီးဟီးဟားဟားတွေ လုပ်။
ဘယ်လောက်ကြာလဲတော့မသိ။ ဖုန်းမြည်လာသည်...။ " ဗုံး" ပေါက်လို့တဲ့... ဟင်...
ဆေးရုံကို သုတ်ခြေတင် ပြေးကြရြ ပီပေါ့။။
ကိုယ်က ဆေးရုံကိုအပြန်၊ မြို့ထဲက ပြန်လာတဲ့ ကားတွေက အတက်။
ဘယ်လိုမှကို ရွေ့မရတော့တာ...
သေပါပြီ! သေပါပြီ! ဆေးရုံမှာ ကျန်နေခဲ့သော သူငယ်ချင်းကလည်း ဖုန်း တဂွမ်ဂွမ် ခေါ်နေဆဲ...
"နင်တို့တွေ မြန်မြန်လာ... ဒီမှာ ငါရူးတော့မယ်..."
"ဆရာအကြီးတွေ အကုန်ရောက်နေကြပြီ..."
"ဟိုဟောက်စ်နှစ်ယောက် ဘယ်မှာလဲ မေးကုန်ကြပြီ။ ငါဘာလုပ်ရမလဲ..."
မေးလည်း မတတ်နိုင်။ ကိုယ့်မှာ ကားပင်လယ်ထဲပိတ်မိရက်သား။ ငါတို့  လာနေပါပြီ ပြောရုံကလွဲလို့ ဘာမှ မလုပ်နိုင်။ စူပါမင်းလိုလည်း မပျံတတ်။
ဆေးရုံပြန်ရောက်တော့
၃ နာရီခွဲ။ ဆရာတွေရဲ့ မျက်နှာက ပြုံးနေတာပဲ။ ဘယ်ဟုတ်ပါ့မလဲ။ ဆူတာပေါ့။
နှစ်ယောက်သား မျက်နှာငယ်လေးများဖြင့် တနာရီနီးပါးလောက် မတ်တပ်ရပ်
ကြိမ်းမောင်းခံလိုက်ရတယ်။ ခံလည်း ခံသင့်ပါတယ်။ လူနာတွေ ဆေးရုံကြီးမသွားပဲ
ကျွန်မတို့ဆီလာလိုက်ရင် လူအင်အားမရှိလို့ မသေသင့်ပဲ သေကုန်ကြမှာပါ။
လစ်တုန်းကတော့ အဲဒါတွေ မတွေးမိခဲ့ဘူး။ လူတိုင်းပျော်ရွှင်နေမယ့် အချိန်မှာ
ဗုံးဖောက်လိမ့်မယ်လို့လည်း မထင်မိခဲ့ဘူး။ Disaster ဆိုတာက
ခန့်မှန်းလို့မရပေမယ့် အဆင်သင့်ရှိဖို့လိုတာ သဘောပေါက်သွားတယ်။
ဟောလ် ကို ဗုံးပေါက်တဲ့ လူနာတွေအတွက် ကုတင်တွေရွှေ့... လူနာတွေရွှေ့... ရိုးရိုးလူနာတွေကို ပိုက်ဆံခန်းထဲသွင်း၊ အဲယားကွန်းနဲ့
ဇိမ်ကျကြ။ ကံကောင်းချင်တော့ ဗုံးပေါက်လူနာအားလုံး ဆေးရုံကြီးကို
သွားရပါတယ်။ ကျွန်မတို့ဆီကိုကျတော့ လူနာလာပို့တဲ့ ရဲကား
ဆေးရုံကြီးရှေ့မှာတင် ထပ်မှောက်လို့ ရောက်လာတာလောက်ပါပဲ။ ဟိုဘက်ဆေးရုံကြီး
အရေးပေါ်က သူငယ်ချင်းတွေတော့ တခြား ward က လူတွေပါ ဆင်းကူရအောင်
လူနာများပါတယ်။ သတင်းမှာတော့ သူငယ်ချင်းတော်တော်များများရဲ့ ပုံတွေ ပါပါတယ်။
Drip ပုလင်းကြီး ကိုင်ပြီး ဟိုပြေးဒီပြေး။
အနှစ်ချုပ်ကတော့  နှစ်သစ်ကူးမှာ
အကျိုးပေးကောင်းစွာနဲ့ ဂျူတီ တစ်ခါမှ မလစ်ဘူးတဲ့ ကျွန်မတို့
နာမည်ဆိုးကြီးနဲ့ ကျော်ကြားသွားပါတော့တယ်။ :)
ရန်ကင်းသူ
Sunday, 8 April 2012
Online သင်္ကြန် မရိုး ပြန် (ရေးသားသူ - အိပ်မက်ရှင်)
စကားဦး
သင်္ကြန်အချိန်အခါက
ပြန်လည်လို့ ကျရောက်ခဲ့ပါပြီ၊ နှစ်ဟောင်းတွေ ကုန်ဆုံးလို့ နှစ်သစ်ကို
ကူးတဲ့ သမယမှာ မိတ်ဆွေတွေ အားလုံး စိတ်သစ်၊ လူသစ်နဲ့ ရွှင်လန်း
ချမ်းမြေ့ပါစေရယ်လို့ ဦးစွာ ဆန္ဒပြု၊ ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်၊
ကျွန်တော် မနှစ်က ရေးဖြစ်ခဲ့တဲ့ ဒီသံချပ်လေးကို ပြန်ဖတ်ကြည့်မိတော့ မနှစ်က
ပျော်ပျော်ပါးပါး ဆင်ယင်နွှဲခဲ့ကြတဲ့ အွန်လိုင်းသင်္ကြန်ကို ပြန်အမှတ်ရမိတယ်၊
နှစ်သစ်ကူး ပြောင်းတဲ့အခါ နှစ်ဟောင်းက အဟောင်းတွေကို နှစ်သစ်ကို
သယ်ဆောင်မလာရဘူးဆိုတာ မှန်ပေမဲ့ ဒီသံချပ်လေးကတော့ ရိုးမသွားဘူးလို့
ကျွန်တော့် စိတ်ထဲ ခံစားမိတာမို့ အခုလို ပြန်လည် ဆန်းသစ်ပြီး၊ ဖုံခါ
ဆေးသုတ်လိုက်ပါတယ်၊ ဒါပေမဲ့ မနှစ်က သံချပ်ကို တင်တဲ့အခါ
ခွန်းထောက်ပါမသွားတဲ့ အတွက် ဒီနှစ်မှာ ပြန်တင်တဲ့အခါ ခွန်းထောက်လေး
ဖြည့်စွက်ပြီး ပိုမို အသက်ဝင်သွားအောင် ဖန်တီးလိုက်ပါတယ်။ မိတ်ဆွေများ
အားလုံး ပျော်ရွှင်စွာနဲ့ နှစ်ကူး အမြူးနဲ့ အထူး စိတ်တိုင်းကျပြီး
ကျေနပ်စိတ်ကူး အတာရေနဲ့ ထူးနိုင်ကြမယ်လို့ မျှော်လင့်ရင်း အွန်လိုင်းသင်္ကြန်
မရိုးပြန် အစီအစဉ်လေးကို တင်ဆက်လိုက်ပါတယ် ခင်ဗျာ။
ခွန်းထောက်
အလှထူးပါတဲ့၊ အို ဘာတဲ့...
အလှထူးပါတဲ့ လတန်ခူး အချိန်အခါ...
ပိတောက်ပွင့်ရာ ဤမြေ... မဟာ... ...
ဤမြေမှာ အတာကြူးကြသမို့
စိတ်အကူးတွေနဲ့ မြူးစို့ကွဲ့ ဒီ အချိန်... အခါ....
(ကဲ... မောင်တို့ရေ)
အစဉ်အလာမပျက်တဲ့ မင်္ဂလာအခါအချက်မှာဖြင့်
ဖွေသဒ္ဓါသက်ကြသမို့ ရွှေအဝါ အခက်တွေနဲ့ အပြိုင်
ဖူးပွင့်တဲ့ ရိုးရာသံချပ်တွေနဲ့ အွန်လိုင်းမဏ္ဍပ်မှာ
ကြွလာသူ ပရိသတ်တွေ ဘဝင်အေး အဆင်ပြေးအောင်
ပက်ဖြန်းသွန်းလောင်းလိုက်ကြပါစို့လား မောင်တို့ရေ....
Online သင်္ကြန် မရိုး ပြန် (သင်္ကြန်သံချပ်)
သင်္ကြန်ချိန်ပြန် ရောက်လာပြီ၊ ၁၃၇၄ ပဲ
၁၃၇၄ ပဲ၊ သင်္ကြန်ချိန်ပြန် ရောက်လာပြီ။
အတာကြူးတဲ့ သင်္ကြန်ခါ၊ ဝေးရောက်နေတာ ခက်လှတာပဲ
ဝေးရောက်နေတာ ခက်လှတာပဲ၊ အတာကြူးတဲ့ သင်္ကြန်ခါ။
ပန်းပိတောက်တို့ ဝေဝေစီ၊ အလုအယက်သာ ခူးကာ Tag ကြ
အလုအယက်သာ ခူးကာ Tag ကြ၊ ပန်းပိတောက်တို့ ဝေဝေစီ။
အွန်လိုင်းပေါ်က အပျိုတွေ၊ Facebook တက်ကာ ရေပက်နေကြ
Facebook တက်ကာ ရေပက်နေကြ၊ အွန်လိုင်းပေါ်က အပျိုတွေ။
Online ပေါ်က ကိုကိုတွေ၊ ပုလင်းစုံ Tag ကာ မြင်ရုံ မူးရ
ပုလင်းစုံ Tag ကာ မြင်ရုံ မူးရ၊ Online ပေါ်က ကိုကိုတွေ။
သပြေခက်နဲ့ ရေမပက်ပါ၊ Mouse Click နဲ့သာ လောင်းကာရွှဲရ
Mouse Click နဲ့သာ လောင်းကာရွှဲရ၊ သပြေခက်နဲ့ ရေမပက်ပါ။
စတုဒီသာတွေ ကျွေးကြတယ်၊ အငွေ့အသက်နဲ့တောင် မြင်ကာ မစားရ
အငွေ့အသက်နဲ့တောင် မြင်ကာ မစားရ၊ စတုဒီသာတွေ ကျွေးကြတယ်။
gtalk ဆိုတဲ့ မဏ္ဍပ်မှာ၊ ဗွမ်းဗွမ်းရှိသာ Type ကာ ပက်ကြ၊
ဗွမ်းဗွမ်းရှိသာ Type ကာ ပက်ကြ၊ gtalk ဆိုတဲ့ မဏ္ဍပ်မှာ။
youtube ဆိုတာ အလှပြယာဉ်လား၊ တီးမှုတ်ကခုန် ဖျော်ဖြေနေ
တီးမှုတ်ကခုန် ဖျော်ဖြေနေ၊ youtube ဆိုတာ အလှပြယာဉ်လား။
သူတင်ကိုယ်တင် ပက်ကြတာ၊ Facebook ကြီးတောင် နေထုတ်လှန်းရ
Facebook ကြီးတောင် နေထုတ်လှန်းရ၊ သူတင်ကိုယ်တင် ပက်ကြတာ။
CCTV မတပ်ရပါ၊ ဒို့တွေ ပျော်တာ Online မဏ္ဍပ်
ဒို့တွေ ပျော်တာ Online မဏ္ဍပ်၊ CCTV မတပ်ရပါ။
တချို့တလေက Link ပို့ကာ၊ ရေခဲထုပ်တောင် ထုလိုက်သေးရဲ့
ရေခဲထုပ်တောင် ထုလိုက်သေးရဲ့၊ တချို့တလေက Link ပို့ကာ။
မဏ္ဍပ်ကြေးလည်း မကုန်ပါ၊ PC ဖွင့်ကာ ကြဲကြတာပဲ
PC ဖွင့်ကာ ကြဲကြတာပဲ၊ မဏ္ဍပ်ကြေးလည်း မကုန်ပါ။
ရန်ဖြစ်မှာလည်း မကြောက်ရပါ၊ Block လုပ်ကာ ပိတ်လျှင် ရသား
Block လုပ်ကာ ပိတ်လျှင် ရသား၊ ရန်ဖြစ်မှာလည်း မကြောက်ရပါ။
မီးသတ်ပိုက်တွေ ကြောက်စရာမလို၊ အလုပ်ရှင်လာ ပိတ် ရတာပဲ
အလုပ်ရှင်လာ ပိတ် ရတာပဲ၊ မီးသတ်ပိုက်တွေ ကြောက်စရာမလို။
အိုးမည်သုတ်ဖို့ လိုက်တဲ့အခါ၊ Signout လုပ်ကာ ပြေးကြတာပဲ
Signout လုပ်ကာ ပြေးကြတာပဲ၊ အိုးမည်းသုတ်ဖို့ လိုက်တဲ့အခါ။
ကြံဖန်ပြီးတော့ ပျော်စရာရှာ၊ Online သင်္ကြန်မှာ ဆင်ကာနွှဲကြ
Online သင်္ကြန်မှာ ဆင်ကာနွှဲကြ၊ ကြံဖန်ပြီးတော့ ပျော်စရာရှာ။
ဟေ့..... မောင်လား၊ ဟေ့....... မယ်လား
ဟေ့ ... မယ်လား၊ ဟေ့........ မောင်လား
ဟေ.....လာ......မောင်....... ရို့ ဝါးးးးးးးးးးးးးးးးးးးးးးးးး
(ပျော်ရွှင်ကြည်နူးဖွယ်ကောင်းသော မြန်မာနှစ်ကူးသမယ ဖြစ်ပါစေဗျာ)
အိပ်မက်ရှင်
(08-04-2012)
Friday, 6 April 2012
၂၀၁၂ ရွှေပြည်ဝေး သင်္ကြန်
နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ရွှေပြည်ဝေးတို့ရဲ့ သင်္ကြန်အချိန်အခါကို ကျရောက်လာပြန်ပါပြီ…။
ဒီနှစ်အတွက်တော့ ရွှေပြည်ဝေးသင်္ကြန် မဏ္ဍပ်ကို နေရာ အတည်တကျနဲ့ ဒီနေရာမှာ ဖွင့်လိုက်ပါတယ်…။ ဒီအွန်လိုင်းသင်္ကြန်မဏ္ဍပ်လေးမှာ သီချင်း သံချပ် စတဲ့ သင်္ကြန်ရာသီစာလေးတွေနဲ့အတူ သင်္ကြန်နဲ့ ပတ်သက်တဲ့ အငွေ့အသက်လေးတွေကို အတတ်နိုင်ဆုံး ဖြည့်စွက်ထားပါတယ်။
ပြီးတော့ ဒီနှစ်သင်္ကြန်မှာလည်း အရင်နှစ်တွေကလိုပဲ ရွှေပြည်ဝေးမှာ ပျော်ပျော်ပါးပါး သံချပ်ထိုးကြဖို့ စီစဉ်ထားပါတယ်… ဒါကြောင့် ဝါသနာပါတဲ့ ညီအကို မောင်နှမတတွေ တတ်နိုင်သမျှ ရေးဖွဲ့ပြီး ဒီမဏ္ဍပ်လေးမှာ သံချပ်လာထိုးကြပါ… လို့ ဖိတ်ခေါ်ပါတယ်။
နောက်ပြီး သင်္ကြန်ရက်တွေမှာ အိမ်မှာ အထူးတလည် လုပ်စားဖြစ်တဲ့ သင်္ကြန်မုန့်တွေ၊ သင်္ကြန်နဲ့ ပတ်သက်တဲ့ ဓါတ်ပုံ ပန်းချီတွေ၊ ကဗျာစု စာစု... စတာတွေကိုလည်း shwepyiway@gmail.com ကို ပို့ပေးနိုင်ပါတယ်။ အဲဒါတွေကိုလည်း မဏ္ဍပ်မှာ နေ့တိုင်း အချိန်နဲ့ တပြေးညီ Update လုပ်ပေးပါ့မယ်။
ဒီသင်္ကြန်မဏ္ဍပ်လေးဖြစ်လာဖို့ စတင်အကြံပြုခဲ့တဲ့ Former မဏ္ဍပ်ပိုင်ရှင် - ကိုဘလူးစကိုင်း BlueSky Forest နဲ့တကွ စာစု ကဗျာ ကာတွန်း စတဲ့ ပိုစ့်တွေကို အသုံးပြုခွင့်ပေးတဲ့ ဘော်ဒါတွေကို ကျေးဇူးတင်ပါတယ်။ မတ်လဆန်းထဲကစပြီး အလုပ်များနေလို့ စိတ်ရော လူရော မအားတဲ့ကြားက ဒီမဏ္ဍပ်လေး အချိန်မီဖြစ်လာအောင် တော်တော်လေး အချိန်လုပြီး ကြိုးစားလိုက်ရပါတယ်။ ဒါကြောင့် ဒီမဏ္ဍပ်လေးနဲ့ ပတ်သက်လို့ လိုအပ်တာတွေရှိခဲ့ရင် ထောက်ပြ ပြောဆို ဝေဖန် အကြံပြုပေးသွားဖို့လည်း ခင်မင်ရင်းနှီးစွာ ဖိတ်ခေါ်လိုက်ပါတယ်..။
See you all…
ဒီနှစ်အတွက်တော့ ရွှေပြည်ဝေးသင်္ကြန် မဏ္ဍပ်ကို နေရာ အတည်တကျနဲ့ ဒီနေရာမှာ ဖွင့်လိုက်ပါတယ်…။ ဒီအွန်လိုင်းသင်္ကြန်မဏ္ဍပ်လေးမှာ သီချင်း သံချပ် စတဲ့ သင်္ကြန်ရာသီစာလေးတွေနဲ့အတူ သင်္ကြန်နဲ့ ပတ်သက်တဲ့ အငွေ့အသက်လေးတွေကို အတတ်နိုင်ဆုံး ဖြည့်စွက်ထားပါတယ်။
ပြီးတော့ ဒီနှစ်သင်္ကြန်မှာလည်း အရင်နှစ်တွေကလိုပဲ ရွှေပြည်ဝေးမှာ ပျော်ပျော်ပါးပါး သံချပ်ထိုးကြဖို့ စီစဉ်ထားပါတယ်… ဒါကြောင့် ဝါသနာပါတဲ့ ညီအကို မောင်နှမတတွေ တတ်နိုင်သမျှ ရေးဖွဲ့ပြီး ဒီမဏ္ဍပ်လေးမှာ သံချပ်လာထိုးကြပါ… လို့ ဖိတ်ခေါ်ပါတယ်။
နောက်ပြီး သင်္ကြန်ရက်တွေမှာ အိမ်မှာ အထူးတလည် လုပ်စားဖြစ်တဲ့ သင်္ကြန်မုန့်တွေ၊ သင်္ကြန်နဲ့ ပတ်သက်တဲ့ ဓါတ်ပုံ ပန်းချီတွေ၊ ကဗျာစု စာစု... စတာတွေကိုလည်း shwepyiway@gmail.com ကို ပို့ပေးနိုင်ပါတယ်။ အဲဒါတွေကိုလည်း မဏ္ဍပ်မှာ နေ့တိုင်း အချိန်နဲ့ တပြေးညီ Update လုပ်ပေးပါ့မယ်။
ဒီသင်္ကြန်မဏ္ဍပ်လေးဖြစ်လာဖို့ စတင်အကြံပြုခဲ့တဲ့ Former မဏ္ဍပ်ပိုင်ရှင် - ကိုဘလူးစကိုင်း BlueSky Forest နဲ့တကွ စာစု ကဗျာ ကာတွန်း စတဲ့ ပိုစ့်တွေကို အသုံးပြုခွင့်ပေးတဲ့ ဘော်ဒါတွေကို ကျေးဇူးတင်ပါတယ်။ မတ်လဆန်းထဲကစပြီး အလုပ်များနေလို့ စိတ်ရော လူရော မအားတဲ့ကြားက ဒီမဏ္ဍပ်လေး အချိန်မီဖြစ်လာအောင် တော်တော်လေး အချိန်လုပြီး ကြိုးစားလိုက်ရပါတယ်။ ဒါကြောင့် ဒီမဏ္ဍပ်လေးနဲ့ ပတ်သက်လို့ လိုအပ်တာတွေရှိခဲ့ရင် ထောက်ပြ ပြောဆို ဝေဖန် အကြံပြုပေးသွားဖို့လည်း ခင်မင်ရင်းနှီးစွာ ဖိတ်ခေါ်လိုက်ပါတယ်..။
See you all…
Subscribe to:
Posts (Atom)





