Friday 9 March 2012

သံချပ်စပ်နည်း (ရေးသားသူ - ပန်ဒိုရာ)

သင်္ကြန် နီးလာပြီဆိုရင် သံချပ်တွေထိုးကြတာ မြန်မာ့ရိုးရာ ဓလေ့တစ်ခုပါ။ မိတ်ဆွေ တစ်ယောက်ကတော့ ပြောပါတယ်။ နောက်ဆိုရင် ကလေးတွေက သံချပ်ဆိုရင် သံချပ်ကာ ကား ပဲ သိတော့မယ် ထင်တယ်တဲ့။ မည်သို့ပင်ဖြစ်စေကာမူ ငယ်ငယ်ကတည်းက ဖေဖေ့ဆီက အမွေရထားတဲ့ ကဗျာဖွဲ့နည်း နိသျည်း ဆိုတဲ့ စာအုပ်ကလေးထဲက သံချပ်စပ်နည်းကို ထုတ်နုတ်ပြီး စာပြန်ရိုက်ပေးလိုက်ပါတယ်။ ဒီစာအုပ်ကို ဒီခေတ်မှာ ပြန်ထုတ်မထုတ် အသေအချာ မသိတဲ့အတွက် ရှားပါးပြီး အသုံးဝင်မယ်ထင်လို့ပါ။ သတ်ပုံတွေ အဖြတ်အတောက်တွေ က မူရင်းအတိုင်း ဖြစ်ပါတယ်။

သံချပ်စပ်နည်း

သံချပ်ဆိုသည်မှာ ရံခါရံခါ ယိုးဒယား သီချင်းကြီးများအတွင်းသို့၎င်း, ရံခါရံခါ အမည်မတူသည့် သီချင်း ၂ ခုတို့၏ အကြားသို့ ၄င်း ရံခါရံခါ အမည်မတူသည့် သီချင်း ၂ ခုတို့၏အကြားသို့၎င်း ဤသို့ စသည်ဖြင့် တပါးသော တေးသီချင်းတို့၏အတွင်းသို့ (အကြားသို့) ညှပ်ချပ်သွင်းပြီး တိုင်ကာဖောက်ကာဖြင့် သီဆိုရသောကြောင့် “သံချပ်” ဟုခေါ်ဆိုရလေသည်။ ၄င်းကိုရေးစပ်သောအခါ -
ဥပဒေ။

၁။ အတိုင်-အဖေါက် ဟူ၍ ၂-ပုဒ် ထားရမည်။
၂။ အတိုင်ကို ၇-လုံးထားပြီး, ၄-လုံး ၃-လုံး ခွဲနေစေ။
၃။ အဖေါက်ကို ၈-လုံးထားပြီး, ထက်ဝက်ခွဲနေစေ။

အထက်ပါ အင်္ဂါများနှင့် ပြည့်စုံအောင် စပ်ဆိုခဲ့ပါလျှင် သံချပ် ကဗျာဖြစ်လာနိုင်ပါတော့၏။ ။ ပုံစံကား -
(က) အတိုင်။ အပါးအောက်ကအထူခံ။
အဖေါက်။ ကုလားအပြန်-လိုက်မဲ့မိန်းမ။ ။
(ခ) တိုင်။ အင်္ကျီပါးနဲ့ - ခါးတထွာ၊
ဖေါက်။ ကစားစရာ-လှုပ်လှုပ် လှုပ်လှုပ်။ ။

အထက်ပါ သံချပ်တို့ကား ၁၃၀၀-ပြည့်နှစ် လောက်က မဟာမေဒင် ဘာသာဝင် ကုလားက,ပြား ဦးရွှေဖီဆိုသူ “မော်လ၀ီနှင့် ယောဂီစာတမ်း” စာအုပ်ကို ရေးသားမိမှုကြောင့် ကုလား-ဗမာ အဓိကရုဏ်းကြီး ဖြစ်ပြီးနောက် အင်္ကျီပါးဝတ်သည့် မိန်းမများကို ကဲ့ရဲ့ရှုံ့ချကာ ကုလားနှင့် ပေးစားပြီး ထိုးကြသော သံချပ်များမှ ကောက်နုတ်ချက်ဖြစ်သည်။

၎င်း၌ ပိုဒ်ရေနှင့် လုံးရေကို သိသာပါပြီ။ ကာရန်နေပုံမှာကား ပဌမ အတိုင်ပုဒ်မှ အဆုံးအက္ခရာနှင့် ဒုတိယ အဖောက်ပိုဒ်မှ ၄-လုံးမြောက် အက္ခရာတို့ကို ညီညွတ်စေရသည်။ ထို့ကြောင့် ပဌမ ပုံစံဝယ် “ခံ-ပြန်” ဟု ထားရသည်ကို သတိပြုပါ။

ဒုတိယ ပုံစံမှာမူ ပဌမပုံစံအတိုင်း လုံးရေနှင့် ကာရန်တို့ ညီညွတ်နေခဲ့သော်လည်း၊ ၎င်းကာရန်မှာ ပဌန ပုံစံကကဲ့သို့ ကာရန်ရိုးရိုးမျိုး မဟုတ်တော့ပေ၊ “ခါးတထွာ-ကစားစရာ” ဟု နဘေစပ်မျိုးဖြင့် စပ်ထားလေသည်။ ထို့ကြောင့်သဘောချင်း တူသော်လည်း အစပ်အဟပ် မတူသဖြင့် နည်း ၂-မျိုးသိစေရန် ပုံစံ ၂-မျိုးကို ထုတ်ပြလိုက်ရသည်။

x x x

ထိုမှတပါးလည်း ဒုတိယ အဖောက်ပိုဒ်ကို ဥပဒေအတိုင်း လုံးရေကို ထားမြဲထားပြီးလျှင် အစပ်-အဟပ်ကိုမူ တတိယမြောက် အလုံးနှင့်လည်း ကာရန်တူယူကာ စပ်-ဟပ်နိုင်လာပြန်ပါပေသည်။ ။
ပုံစံကား -
(က) တိုင်။ အင်္ကျီပါးနဲ့-ဇာဘော်ဒီ
ဖေါက်။ ငရွှေဖီနဲ့-ပြောပီးဆိုပီး။ ။
(ခ) တိုင်။ အင်္ကျီပါးနဲ့-မျက်ထားချို၊
ဖေါက်။ သက်ကြားအိုတောင် မကြိုက်မကြိုက်။ ။

ဤသို့လျှင် ပဌမအပိုဒ်မှ နောက်ဆုံး အလုံးဖြစ်သည့် “ဒီ” ကို ဒုတိယအပိုဒ်မှ ၃-လုံးမြောက် ဖြစ်သည့် “ဖီ” နှင့် စပ်ဟပ်နိင်ပြန်ကြောင်းကို မှတ်ကြလေဦး။ ။၎င်းမှာလည်း အထက်က ကဲ့သလို့ နဘေထပ် စပ်နိုင်ပြန်၏။ ဒုတိယတွင် “မျက်ထားချို-သက်ကြားအို” ဟု စပ်ထားသည်ကို သတိပြုလေ။

အဓိပ္ပါယ် စပ်နည်း

ထိုမှတပါးလည်း အဓိပ္ပါယ်စပ် သံချပ်စပ်နည်းဟူ၍ ရှိလာခဲ့ပြန်သေး၏။ ၎င်းမှာ စည်းမျဉ်းအတိုင်း နေစေပြီးလျှင် ကာရန်ကိုကား လုံးဝမယူတော့ဘဲ ရှေ့ကအတိုင်နှင့် နောက်က အဖောက်ကိုသာ အနက်အဓိပ္ပါယ် ဆီလျော်အောင် စပ်ဆိုရခြင်းမျိုး ဖြစ်၏။
ပုံစံကား -
(က) တိုင်။ ။အမေ့ချွေးမ-ပျောက်လို့ရှာ၊
ဖေါက်။ ။တွေ့ပြီ တွေ့ပြီ သူဘဲသူဘဲ။ ။
(ခ) တိုင်။ ။ သူ့သ္မီးကို-ပက်မယ်ကြံ၊
ဖေါက်။ ။ သူ့အမေက-ကာဆီးကာဆီး။ ။

အထက်ပါ ပုံစံတို့၌ လုံးရေနေပုံ တချက်စာ ဥပဒေ အတိုင်းထားတော့၏။ အစပ်-အဟပ်, ကာရန်ဟူ၍ လုံးဝမရှိတော့ပေ။ သို့သော် အတိုင်, အဖောက် ၂-ပိုဒ် ပေါင်း၍ အနက်အဓိပ္ပါယ်ကို ယူလိုက်ပြန်သောအခါ၌မူ၊ ရှေ့နောက်ဆီဆိုင်ပြီး ညီညွတ်နေသည်ကိုကား တွေ့ရသဖြင့် ဤကဲ့သို့လည်း စပ်ဟပ်နိုင်သေးသည်ဟု မှတ်ယူရမည်။

ရယ်ရွှင်ဘွယ်စပ်နည်း

၎င်းပြင် ရယ်ရွှယ်ဘွယ် သံချပ်စပ်နည်း ဟူ၍လည်း ရှိလာသေး၏။ ၎င်းမှ လုံးရေနှင့် ကာရန်ကို ဥပဒေအတိုင်း ထားသော်လည်း၊ အနက်အဓိပ္ပါယ်မှာ ရှေ့နောက်မဆီဆိုင်, အကြောင်းယုတ္တိ မရှိနှင့် ကမောက်ကမ ဖြစ်ကာ ရယ်ရွှယ်ဘွယ်ကောင်းသည့် အချက်တချက်ကိုသာ ရည်ရွယ်၍ စပ်ဆိုရခြင်းမျိုး ဖြစ်၏။ ။ ပုံစံကား-
(က) တိုင်။ ။ ဘဲဥနှစ်လုံး အပြုတ်ကြော်၊
ဖေါက်။ ။ ပျာတာကတော် ဆောင်းတဲ့ဦးထုပ်။ ။
(ခ) တိုင်။ ။သိကြားမင်းက-လိပ်ယောင်ဆောင်၊
ဖေါက်။ ။ ဆိတ်ဖိုနှစ်ကောင်-ထိုးတဲ့ခုံညှင်း။ ။

အထက်ပါသံချပ်မျိုး၌ လုံးရေနှင့် ကာရန်တို့မှာ ဥပဒေနှင့် ညီညွတ်စွာရှိနေခဲ့သော်လည်း၊ ရှေ့နောက် ၂-ပိုဒ်ကို စပ်၍ အဓိပ္ပါယ်ယူလိုက်သောအခါ တပိုဒ်နှင့်တပိုဒ်မှာ မည်သို့မှ မဆက်စပ်ဘဲ နေခဲ့သဖြင့်၊ ရယ်ရွှင်ဘွယ် အရာမျိုး၌သာ အသုံးပြုရတော့၏။ ။ ရှေးခေတ်သမယကလည်း ဤသံချပ်မျိုး ရှိခဲ့ဘူးသည်သာ ဖြစ်လေသည်။

ဤသို့လျှင် “သံချပ်” စပ်နည်းများကို မှတ်ယူကြရာသည်။ သံချပ်ကဗျာကို စ၍တည်ထွင်ခဲ့စဉ်က ရှေး၌ဖော်ပြထားခဲ့သည့်အတိုင်း တပါးသော သီချင်းတို့အတွင်းသို့ ညှပ်သွင်းပြီး ထိုး,ကြ ဆို,ကြဘို့ရန်သာ ဖြစ်ခဲ့သော်လည်း၊ ယခုခေတ် အခါ၌မူကား ထိုသို့ မဟုတ်တော့ဘဲ သံချပ်ချည်း သက်သက်ကိုသာ ထိုး,ကြလျက် ဒိုးပတ်ဝိုင်း, အိုးစည်ဝိုင်းတို့၌ များစွာ အသုံးပြုခဲ့လေတော့သည်။

(ဦး) တင့်ဆွေ ရေးသားသော ကဗျာဖွဲ့နည်း နိသျည်း ကျမ်း (၁၉၆၄ တတိယအကြိမ်ထုတ်) မှ။

(ဒါနဲ့ ဘလော့ဂ်ထဲမှာတော့ ရွှေပြည်ဝေး မဏ္ဍပ် ဆိုပြီး သံချပ်တွေ ထိုးမယ့် စင်တစ်စင် တွေ့ထားတယ်။ ဒီဘလော့ဂ်မှာပါ။ ဘယ်သူုမဆို ဆင်နွှဲနိုင်ပါသတဲ့။ မနှစ်ကလည်း လုပ်ခဲ့ပါသေးတယ်။)

No comments:

Post a Comment