Tuesday 13 March 2012

စတုဒီသာ-ဖာလူဒါ (ရေးသားသူ - ချစ်ကြည်အေး)

သင်္ကြန် အကြိုနေ့ကြီး ပြီးသွားပြန်ပါပြီ။ အကျ၊ အကြတ် နဲ့ အတက်နေ့တွေ ကုန်လွန်တဲ့အခါမှာ တော့ မြန်မာသက္ကရာဇ် အသစ်တခုကို ကူးပြောင်း ရောက်ရှိလာတော့မှာပါ။ မြန်မာပြည်သူ ပြည်သားတွေဟာ အဲဒီ နှစ်ဆန်း တရက်နေ့မှာ သက်ကြီးပူဇော်ပွဲတွေ၊ တိရိစ္ဆာန်ဘေး မဲ့ လွှတ်ပွဲတွေ၊ စတုဒီသာ အကျွေးအမွေးတွေနဲ့ ကောင်းမှုကုသိုလ်တွေ ပြုလုပ်လေ့ ရှိကြပါတယ်။ နှစ်သစ်တခုရဲ့ အစ ပထမနေ့ကို အဲသလို မင်္ဂလာရှိစွာနဲ့ ကြိုဆိုလေ့ ရှိကြတာ ကျမတို့မြန်မာ့ ဓလေ့ထုံးစံပဲ မဟုတ်ပါလားရှင်။ စတုဒီသာတွေထဲမှာတော့ သင်္ကြန်ရာသီ စာတွေ ဖြစ်ကြတဲ့ မုန့်လုံးရေပေါ်၊ ရွှေရင်အေး၊ မုန့်လုပ်ဆောင်း၊ သာကူ၊ အုန်းနို့ကျောက်ကျောတွေကို အကျွေး များလေ့ ရှိပါတယ်။

တချို့ကတော့ အခါတွင်း သင်္ကြန်ရက်များမှာ စတုဒီသာ ကျွေးလေ့ရှိတော့ကာ ကျမကလည်း ကျမရဲ့ မဏ္ဍပ်လာသူအပေါင်းကို ဖာလူဒါ ချိုချို အေးအေးလေး တိုက်လိုက်ချင်ပါတယ်။ အချိုသိတ်မကြိုက်သူများ အတွက်တော့ ညာဖက်ကခွက်နော် သကြားလျှော့ထားတယ် လေ...ဆိမ့်ဆိမ့်လေးပေါ့။ အချိုကြိုက်ရင်တော့ ဘယ်ဖက်ကခွက်ကိုသာ ယူသောက်ပါနော်...သင်္ကြန်လည်ရင်း အဆာပြေ၊ အမောလည်း ပြေပေါ့...။


တချို့ ကိုယ်တိုင်လုပ်စားချင်တဲ့သူတွေ အတွက်လည်း နည်းကလေး မျှဝေပေးလိုက်ပါတယ်။

ပန်းရောင် အရည်လေး ဖြစ်အောင် ပါဝင်တဲ့ပစ္စည်း
၁) နွားနို့ - စူပါမားကက်တွေမှာ စက္ကူဗူးနဲ့ ရောင်းတာမျိုးပါ၊ HL ဖြစ်ဖြစ်၊ Magnolia ဖြစ်ဖြစ် ရပါတယ် တခြားကြိုက်တဲ့ တံဆိပ်သုံးလည်းရပါတယ်။
၂) နှင်းဆီရနံ့ (Rose Syrap) - ဒါလည်းပဲ စူပါမားကက်တွေမှာ ရနိုင်တာပါပဲ။
၃) သကြား
၎) ဆားနဲနဲ

အဲဒီလေးမျိုးရောမွှေလိုက်ရင် ပန်းရောင်အရည် လှလှလေး ရပါပြီ။ အရောင်ကတော့ မိမိကြိုက်သလို နှင်းဆီရနံ့ကို အတိုးအလျှော့လုပ် ပေါ့။ အချိုလည်း ဒီလိုပါပဲ သိတ်ချို တာမကြိုက်ရင် သကြားလျှော့ထည့်ပါ။ ဆားလည်း နဲနဲပဲ ထည့်ရပါတယ်။ အရသာပိုလေးအောင်သာ ဆားကိုထည့်ရတာမို့ များလို့ ငန်သွားရင် ဖာလူဒါ အရသာပျက်မှာပါ။ အောက်ပုံမှာ ရှာရလွယ်အောင် နှင်းဆီရနံ့ဗူးကို ပြထားပါတယ်။

ကျန်တဲ့ ၃မျိုး ပုံထဲမှာပါတာက စပျစ်သီးခြောက်၊ သာကူ နဲ့ Palm Seeds တွေပါ။ သာကူစေ့ကလွဲပြီး ကျန်တဲ့ ၂မျိုးက ရယ်ဒီမိတ် ဝယ်လို့ ရပါတယ်...

ဒါတွေက အဆာပလာ အတွက်ပါ။
၅) စပျစ်သီးခြောက်
၆) plam seeds
၇) သာကူစေ့
၈) ကြက်ဥပူတင်း
၉) ထပ်တရာ ကျောက်ကျော
၁၀) ဖရုံယို
၁၁) မျှော့ချောင်း

ဖရုံယို နဲ့ မျှော့ချောင်း ကျမ ထည့်မထားပါဘူး**


ရေနွေး ဆူဆူထဲ သာကူစေ့တွေ ပစ်ထည့်ပြီးရင် မွှေပေးနေပါ နို့မဟုတ်ရင် သာကူစေ့တွေက လုံးသွားတတ်ပါတယ်။ သာကူစေ့ ပြုတ်ရည် ပျစ်လို့မှ သာကူစေ့ မျက်ဆံ မပြဲသေးရင် ရေအေး နဲနဲ ထပ်ထည့်ပါ။ သာကူစေ့တွေ အဖြူဆံလေးပျောက်ပြီဆိုမှ ရေစစ်ပြီး ထည့်မဲ့ခွက်ထဲ ရေအေး နဲနဲ နဲ့ အတူထားပါ။ မဟုတ်ရင် သာကူစေ့တွေ ကပ်ပြီး ပျစ်ခဲခဲကြီး ဖြစ်သွားတတ် လို့ပါ။


ပူတင်းထည့်ဖို့ ကြက်ဥပူတင်း လုပ်ကြရအောင်ပါ။ နွားနို့ ၀.၃၅လီတာ (ပုံမှန်က တလီတာဗူး တွေပါ) ကို ကြက်ဥ ၆လုံး၊ သကြားနဲ့ ဆားထည့်ပြီး နာနာခေါက်ပါ။ ပြီးမှ Steamer ထဲမှာ မိနစ် ၂၀ ထည့်ပေါင်းရပါတယ်။ ဒါဆိုရင် ပြထားတဲ့ ပုံထဲကလို ကြက်ဥနို့ပေါင်း ရပါမယ်။


ပြီးမှ ကျောက်ကျော အထပ်လေးတွေကို ကြိုက်တဲ့ပုံ လေးထောင့်တုံး ဒါမှမဟုတ် အချောင်းလေးတွေ လှီးပြီးထားရပါတယ်။


၁ ကနေ ၄ အထိ ပန်းရောင် အရည်ဖျော် ပြီးတာနဲ့ ၅ ကနေ ၁၁ အထိ ရှိတဲ့ အစာပလာတွေ အကုန် ပစ်ထည့်၊ ပြီးမှ အပေါ်ဆုံးမှာ ရေခဲမုန့် လေး တင်ပေးလိုက်ရင် ဖာလူဒါ တခွက် ဖြစ်ရော...။ ဖန်ခွက်ထဲ ဘာမှမထည့်ခင် အောက်ခြေမှာ ရေခဲတုံးလေးတွေ အရင်ထည့်အုံး နော်...ဒါမှ အေးအေးလေး နေမှာ...။

တချို့ကတော့ မုန့်လုပ်ဆောင်းဖတ်ထည့်၊ အုန်းသီးခြစ်ပြီးသား အဖတ်ဖြူဖြူလေးတွေ အပေါ်မှာ ထပ်ဖြူးလို့ စားတတ်ကြပါသေးတယ်။ အဲဒါကိုတော့ အညာဖွာလူဒါ ခေါ်တယ် ထင်ပါရဲ့...ကဲ စားလည်း စားသွား၊ စမ်းလည်း စမ်းကြည့်ကြပါအုံးနော်....

No comments:

Post a Comment