Monday 26 March 2012

ဟောဒီက မုန့်လုံးရေပေါ် (ရေးသားသူ - ချစ်ကြည်အေး)

မြန်မာ နှစ်ဆန်းတရက်နေ့မှာ အားလုံးပဲ မင်္ဂလာပါ။ နှစ်သစ်တနှစ်ရဲ့ ပထမဆုံးနေ့ကို ကျက်သရေ ရှိစွာ မုန့်လုံးရေပေါ် စတုဒီသာလေးနဲ့ စဖွင့်ချင်ပါတယ်။ မုန့်လုံးရေပေါ် ဆိုတာက ကျမတို့ မြန်မာတွေ အားလုံးနဲ့ မစိမ်းလှတဲ့ မြန်မာ့ရိုးရာမုန့်ဖြစ်တာမို့ မုန့်လုပ်နည်းကို ရေးပြမ နေတော့ပါဘူး နော်။ သိချင်သူတွေ အတွက် အချိုးလေးပဲ ပြောပြပါမယ်။ ဆန် ၁ : ကောက်ညှင်း ၂ ပါ။ ဆိုလိုတာက ဆန်မှုန့် ၁ဆ နဲ့ ကောက်ညှင်းမှုန့် ၂ဆ ရောရမှာပါ။ မုန့်နှယ်ပြီး တည လောက် အိပ်ခိုင်းထားရင် ပိုကောင်းပါတယ်။ မုန့်နှစ်ထဲ ဆားလေးနဲနဲလည်း ထည့် လိုက်ပါနော်။

ကျမတို့ ငယ်ငယ်ကလို အဖွားမို့ အိမ်မှာ မုန့်လုံးတော့မယ်ဆို မတိုင်ခင် ညနေထဲက ဆန်မှုန့် သွားကြိတ်ပါအုံးဟဲ့၊ ကောက်ညှင်းမှုန့် သွား ကြိတ်ပါအုံးဟဲ့ လုပ်နေစရာမလို၊ ဒီမှာက စူပါမားကက်မှာ ကြိုက်ရာ အမှုန့် ရွေးဝယ်လိုက်ရုံပါပဲ။ ကျမတို့ မောင်နှမတတွေကဖြင့် သင်္ကြန် တွင်းမို့ လူကြီးတွေက တောက် တိုမယ်ရ ဝယ်ခိုင်းပြီဆို သိတ်ပျော်တာ၊ လမ်းထိပ်ကို လူလုံးလည်းထွက်ပြရ၊ ရေပက်လည်း ခံရသေးတာ ကိုး...။ သူလိုကိုယ်လို ကလေးတွေက လမ်းတလျှောက်လာသမျှ တွေ့သမျှ မလွတ်တမ်း ပက်ကြတော့တာ...မဟုတ်လား။

မုန့်လုံး လုံးမဲ့ဆီ ပြန်သွားကြရအောင်ပါ...ထန်းလျက်ကလေးတွေကိုလည်း အနေတော် စိပ်ထားရပါမယ်။ အပေါ်မှာ ဖြူးဖို့ အုန်းသီးဖတ် လေးတွေ ကို တော့ သူငယ်ချင်းက ကူခြစ်...ကူညှပ်ပေးပါတယ်။ အပျိုကြီးဆိုတော့ အခြစ်မကျွမ်းဘူး လေ...:) အမှန်က အုန်းသီးအရင့် ဝယ်မရတာနဲ့ ရှိတဲ့ အနုကိုပဲ ဇွန်းခြစ်၊ ကပ်ကျေးကိုက် လုပ်လိုက်ရတာပါ။ အနုလေးနဲ့ စားတော့လည်း တမျိုးလေး ချိုနေတာပါပဲ။

မုန့်လုံးရေပေါ်ရဲ့ အလှ ပိုပြီးစွဲမက်စရာ ကြွတက်လာအောင် မြန်မာဆန်ဆန် ငှက်ပျောဖက်လေးပေါ် တင်ပြထားပါတယ်။


အဲဒီ မုန့်လုံးရေပေါ် ပရောစက်ကြီး တခုလုံးမှာ ပညာအပါဆုံးက မုန့်လုံးတဲ့ နေရာမှာပါ။ ထန်းလျက်များလွန်းရင် အိုးထဲထည့်တဲ့ အခါကျ ထန်းလျက်တွေ မုန့်နှစ်သားထဲက ပေါက်ထွက်လာကုန်ပြီး လူလုံးမလှ အဲ...မုန့်လုံးမလှ ဖြစ်တတ်ပါတယ်။ ထန်းလျက်နဲလွန်းပြန်ရင်လည်း မချိုပဲ မုန့်နှစ်သားပျော့စိစိကြီး ဝါးနေရသလို အရသာမရှိ ဖြစ်တတ်ပြန်ပါတယ်။ အလုံးလေးညီညီ လက်ညီဖို့ လည်း လိုပါသေးတယ်...။


ဒါ့ကြောင့် မုန့်နှစ်အချိုးအစားကစလို့ အပျော့အမာ အနေတော်၊ အလုံးအရွယ် အစား မကြီးလွန်း မသေးလွန်း၊ ထန်းလျက် အချို အလေး အပေါ့ စားကောင်းရုံ...အဲသလို အချိုးအစား ကျကျ အရသာ ရှိလှတဲ့ မုန့်လုံးရေပေါ်....

ကျမ ချစ်ကြည်အေး ကိုယ်တိုင် ဝိရီယ လုံ့လ စိုက်ထုတ်လို့ RAP သီချင်းလေး ဆိုရင်း လုံးထားတဲ့ မုန့်လုံးရေပေါ်....

သူတကာ မုန့်လုံးတွေနဲ့ လားလားမှ မတူ အလုံးတိုင်း၊ အလုံးတိုင်းမှာ မုန့်နှစ် နဲ့ ထန်းလျက် အပြင် စေတနာ၊ မေတ္တာ၊ သစ္စာ၊ ချစ်ခင်ခြင်း နဲ့ သံယောဇဉ် တွေကိုပါ ၂၀ ရာခိုင်နှုန်းစီ အချိုးကျကျ ထည့်လုံးထားတဲ့ မုန့်လုံးရေပေါ်....

ဤ အနှီ မုန့်လုံးရေပေါ်ကို အများသူငါ ဘလော့ဂ်လာသူအပေါင်း သွားရေကျနိုင်စေရေး အလို့ငှာ ယခုကဲ့သို့ ဘလော့ဂ်ပေါ်တင် ဝေမျှလိုက်ရ ပါတယ်...
အားလုံးပဲ မျှော်သွား...အဲ စားသွားလိုက်ကြပါအုံးနော်...:)

No comments:

Post a Comment